၂ဝ၂ဝ နှစ်သစ်အတွက် ONE Championship မြန်မာကစားသမားများ ဆုတောင်း စကားများ

Kyal-Sin-Phyo-20140101-D4S_3780untitled-shoot-11-1200x843-1.jpg

ခရစ်သက္ကရာဇ် ၂ဝ၁၉ ခုနှစ်ကို ကုန်ဆုံးကာ ၂ဝ၂ဝ ခုနှစ်သို့ ရောက်ရှိလာသည်။ အဆိုပါ နှစ်သစ်ကူး ကာလတွင် ONE Championship ပရိသတ်များနှင့် မြန်မာ ပြည်သူပြည်သားများ အားလုံးအတွက် ONE Championship၏ မြန်မာ ကစားသမားများက နှစ်သစ်ဆုမွန်ကောင်းများ တောင်းပေးခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးကမ္ဘာ့ချန်ပီယံ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဖြစ်သလို ONE Championship ၏ လက်ရှိ တစ်ဦးတည်းသော ဝိတ်တန်း နှစ်ခု ချန်ပီယံ ဖြစ်သည့် “မြန်မာ စပါးအုံး” အောင်လအန်ဆန်က “ပရိသတ်တွေအားလုံး ကျန်းမာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။ နှစ်သစ်မှာ အံ့သြပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလကို ပိုင်ဆိုင်နိုင်ကြပါစေ” ဟု ၎င်း၏ လူမှု ကွန်ရက်မှ တစ်ဆင့် ဆုတောင်းပေးခဲ့သည်ကို တွေ့ရသည်။

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ်အတွင်း ၎င်း၏ မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် နှစ်ခုစလုံး အတွက် ချန်ပီယံကာကွယ်ပွဲများ ကစားခဲ့ရပြီး နှစ်ပွဲစလုံး အနိုင်ရခဲ့သည်ကို တွေ့ရသည်။ ၂ဝ၁၈ခုနှစ်၏ တစ်နှစ်တာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားအဖြစ်ပင် ရွေးချယ်ခံခဲ့ရသည့် အောင်လအန်ဆန်သည် ONE Championship တွင် ပွဲပေါင်း ၁ဝ ပွဲ ထပ်မံ ကစားရန် စာချုပ်သစ်လည်း ချုပ်ဆိုထားသူ ဖြစ်ရာ ၂ဝ၂ဝ အတွင်း ၎င်း၏ ချန်ပီယံကာကွယ်ပွဲ ပွဲကောင်းများစွာကို ပရိသတ်များ ကြည့်ရှုခွင့် ရရှိကြမည် ဖြစ်သည်။

ONE Championship တွင် အောင်လအန်ဆန်ပြီးလျှင် ပွဲအများဆုံး ကစားထားသည့် “ဘူရှီဒို” ဖိုးသော် ကလည်း “အားလုံး နှစ်သစ်မှာ မိမိရည်မှန်းချက် အားလုံး အကောင်အထည် ဖော်နိုင်ပြီးတော့ မိမိသွားလိုတဲ့ ပန်းတိုင်ကို ရောက်ကြပါစေ။ ဘဝနဲ့ ဆန္ဒတစ်ထပ်တည်း ကျပါစေ။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း နှစ်သစ်မှာ အရင်နှစ်ကထက် ပိုကောင်းအောင် နေထိုင်ပြောဆို ပြုမူမယ် ဆိုတဲ့ အတွေးနဲ့ ဖြတ်သန်းပါမယ်။ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် နေသွားပါမယ်” ဟု ပြောကြားခဲ့သည်။

ONE ဖယ်သာဝိတ်တန်းတွင် အလဲထိုးနိုင်ပွဲ အများဆုံးကစားသမား ဖိုးသော်သည် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် အတွင်း ONE Championship ပွဲပေါင်း ၃ ပွဲအထိ ယှဉ်ပြိုင်ခဲ့ရပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ခဲ့သည်။ လာမည့် ၂ဝ၂ဝ ခုနှစ် အတွင်းတွင်လည်း ၎င်း၏ ပွဲကောင်းများစွာကို ပရိသတ်များ ဆက်လက် ကြည့်ရှုခွင့်ရကြမည် ဖြစ်သည်။ ဖိုးသော်ကဲ့သို့ပင် ၂ဝ၁၉ ခုနှစ်အတွင်း ၂ ပွဲနိုင် ၁ ပွဲရှုံး ရလဒ် ပိုင်ဆိုင်ခဲ့သည့် နောက်ထပ် မြန်မာ ကစားသမားတစ်ဦးမှာ ဘိုဇီနာ “တိုတို” အန်တိုနီယာ ဖြစ်သည်။

“နှစ်သစ်ကိုလည်း စိတ်သစ် လူသစ်နဲ့ ဖြတ်သန်းနိုင်ကြပါစေ။ လုပ်သမျှ ကိုင်သမျှ အားလုံးကိုလည်း ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်း ပေးပါတယ်။ လာမယ့်နှစ် အတွက် တိုတိုနဲ့ ONE ရဲ့ စာချုပ်က တစ်ပွဲပဲ ကျန်တော့တယ်။ တကယ်လို့ သူတို့ ဆက်ချုပ်မယ် ဆိုရင် တိုတို ကြိုးစားမှာပါ။ တိုတို မျှော်လင့်ထားတာက တစ်နှစ် ၃ ပွဲလောက် ဆိုတော့ အဲဒီလောက် ပုံမှန်ထိုးခွင့် ရဖို့ မျှော်လင့်ထား ပါတယ်”ဟု ONE Championship ၏ တစ်ဦးတည်းသော မြန်မာ အမျိုးသမီး ကစားသမား အန်တိုနီယာက ပြောခဲ့သည်။

ဖိုးသော်၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံ လေ့ကျင့်ရေးရုံ ဖြစ်သော Team PT တွင် လက်ဝှေ့ နည်းပြအဖြစ် တာဝန်ယူ သင်ကြားပေး နေသည့် ONE Championship ကစားသမားဟောင်းတစ်ဦးဖြစ်သော ကြယ်စင်ဖြိုး ကလည်း “နှစ်သစ်မှာ အားလုံး ပျော်ရွှင်ပါစေ။ ကိုယ့်ရဲ့ ရည်မှန်းချက်တွေ အားလုံး ပြည့်ဝကြပါစေ။ ကံဆိုးခြင်းတွေ ကင်းဝေးပြီးတော့ ကံကောင်းခြင်းတွေပဲ ရပါစေလို့ ဆုတောင်းပေး ပါတယ်။ ကျွန်တော့် အတွက် နှစ်သစ်ကူး အစီအစဉ် ကတော့ လေ့ကျင့်ရေး ကောင်းကောင်း လုပ်ပြီး ၂ဝ၂ဝ အတွင်းမှာ ဘယ်ပြိုင်ပွဲ မဆို ဝင်ပြိုင်နိုင်အောင် ကြိုးစားသွားပါမယ်”ဟု ဆုတောင်းစကား ပြောပေးခဲ့သည်။

ကြယ်စင်ဖြိုးသည် ONE Championship ပွဲပေါင်း ၂ ပွဲ ကစားခဲ့ပြီးသော်လည်း နိုင်ပွဲမရခဲ့သဖြင့် နောက်ထပ် ပွဲများ ထပ်မံကစားကာ ပထမဆုံးနိုင်ပွဲ ရရှိလိုနေသူ ဖြစ်သည်။ ၎င်းကဲ့သို့ ONE Championship ပွဲ ကစားခွင့်ရရန် မျှော်မှန်းနေသည့် Team PT မှ ကစားသမား တစ်ဦးမှာ မြန်မာ့လက်ရွေးစင် ကရာတေး ကစားသမားဟောင်း “Karate Kid” စိုင်းဉာဏ်လင်း ဖြစ်သည်။ လက်ရှိတွင် ONE Warrior Series ပြိုင်ပွဲ ၄ ပွဲ ကစားထားသည့် စိုင်းဉာဏ်လင်းက “နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ ကျန်းမာပါစေ။ ချမ်းသာပါစေ။ အလုပ်အကိုင် တွေလည်း အဆင်ပြေ ကြပါစေ။ နှစ်သစ်မှာ ကျွန်တော့် အစီအစဉ်ကတော့ လေ့ကျင့်ရေး ပုံမှန်လုပ်ပြီး ပွဲတွေ ပုံမှန် ဆက်ကစားသွား ပါမယ်”ဟု ဆိုခဲ့သည်။

ONE Championship တွင် မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် အမြောက်အမြား ပါဝင်ကစားခဲ့သည့် အနက် မြန်မာ့လက်ဝှေ့ ပရိသတ်များ အကြား နာမည်ကျော်ကြားသူ တစ်ဦးဖြစ်သည့် မိုက်ရိုင်းလည်း အပါအဝင် ဖြစ်သည်။ မြန်မာ့ လက်ဝှေ့တွင် ထပ်ဆင့် ရွှေခါးပတ် ချန်ပီယံ ဖြစ်သလို မြန်မာ့ လက်ရွေးစင် မွေထိုင်း ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည့် မိုက်ရိုင်းသည် ONE Championship တွင် နှစ်ပွဲ ပါဝင် ကစားခဲ့ပြီး တစ်ပွဲနိုင် တစ်ပွဲရှုံး ရလဒ် ပိုင်ဆိုင်ခဲ့သည်။

မိုက်ရိုင်းက လာမည့် ၂ဝ၂ဝ နှစ်သစ် အတွက် ပရိသတ်များကို ဆုတောင်းစကား အနေဖြင့် “ကျွန်တော်ကို အားပေးကြတဲ့ ရိုးရာ လက်ဝှေ့ကရော၊ ONE Championship က ပရိသတ်တွေရော အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ကြပါစေလို့ ဆုတောင်းပေး ပါတယ်။ ကျွန်တော်ကတော့ နှစ်သစ်မှာ ပုံမှန်အတိုင်းပွဲတွေ ဆက်ထိုးသွားဖို့ပဲ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

ONE: A New Tomorrow ပြိုင်ပွဲကို လာမည့် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Impact Arena တွင် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top