ပြိုင်ဘက် Legowo ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်မလိုဖြစ်ခဲ့ကြောင်း ဖိုးသော်ဝန်ခံ

yohan-mulia-legowo-olivier-coste-phoe-thaw-1.jpg

ONE : Reign of Valor ပြိုင်ပွဲမှာ အင်ဒိုနီးရှား ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား Mulia Legowo ကို နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်မလို ဖြစ်ခဲ့ရတယ်လို့ မြန်မာကစားသမား ဖိုးသော်က ဝန်ခံ ပြောကြားခဲ့ပါတယ်။

မတ် (၈) ရက်က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းအတွင်း ကျင်းပခဲ့တဲ့ One Championship: Reign of Valor ပြိုင်ပွဲ၊ ဖယ်သာဝိတ်တန်းပွဲစဉ်မှာ ဖိုးသော်က အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo ကို ပထမအချီမှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာပါ။

မြန်မာပရိသတ်အချစ်တော် ဖိုးသော်က ဒီပွဲစဉ်ဟာ သူ့အတွက် အလွယ်တကူ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မဟုတ်ခဲ့ကြောင်း၊ ပြိုင်ဘက် Legowo က သူ့ထက် မြေပြင်ချုပ်ကွက်တွေပိုကောင်းခဲ့ကြောင်း၊ ဒီပွဲကစားခဲ့ရတဲ့အတွက် အတွေ့အကြုံကောင်းတွေလည်းရခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

“မြေပြင်ချုပ်ကွက်ကျွမ်းကျင်တဲ့ကစားသမားကို ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ်ရှေ့မှာ အကောင်းဆုံး ယှဉ်ပြိုင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ မနည်းရုန်းကန်ခဲ့ရတယ်။ လွယ်တဲ့ ပွဲတစ်ပွဲတော့မဟုတ်ဘူး။ နိုင်လို့သာ နိုင်သွားတယ်။ ကျွန်တော် ရှုံးမလိုဖြစ်တာ နှစ်ခါတောင်ရှိပါတယ်။ အခြေအနေကို ချက်ခြင်းထိန်းလိုက်နိုင်လို့ နိုင်သွားတာပါ” လို့ ဖိုးသော်က ဆိုပါတယ်။

အရင်ပွဲတွေထက် ပွဲအတွေ့အကြုံပိုများနေပြီမို့ အဲဒီပွဲမှာတော့ ယုံကြည်မှုပိုရှိနေခဲ့တယ်လို့လည်း ဖိုးသော်က ဆိုပါတယ်။ ဒီပွဲစဉ်ဟာ ဖိုးသော်ရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဘဝ အဋ္ဌမမြောက်ပွဲစဉ်လည်း ဖြစ်ပြီး သူဟာ စုစုပေါင်း ပွဲစဉ်ရှစ်ပွဲကစားခဲ့ရာမှာ တစ်ပွဲပဲ ရှုံးခဲ့ကာ ကျန်ပွဲအားလုံးမှာအနိုင်ရရှိထားတာကြောင့် အောင်လအန်ဆန်ပြီးရင် ကိုယ်ခံပညာသိုင်းပေါင်းစုံ ပြိုင်ပွဲတွေကို ဒုတိယအများဆုံးကစားထားတဲ့ မြန်မာကစားသမားတစ်ဦးလည်းဖြစ်နေပါတယ်။

“နောက်ပွဲတွေမှာ ဒီအတွေ့အကြုံတွေကို ကောင်းကောင်းသုံးပြီးတော့ ပိုကောင်းအောင် ယှဉ်ပြိုင်ကစားမယ်။ ပွဲတိုင်းနိုင်အောင်လည်း ကြိုးစားမယ်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ရှိအောင်ပေါ့” လို့ ဖိုးသော်က ဆက်ပြောပြပါတယ်။

ဖိုးသော်နဲ့ Mulia Legowo တို့ ထိုးသတ်ခဲ့တဲ့ပွဲစဉ်ကို မြန်မာပရိသတ်တွေအကြိုက်တွေ့ခဲ့ကြပြီး ဖိုးသော်အနေနဲ့ ချုပ်ကွက်တွေနဲ့ မြေပြင်နပမ်းကစားနည်းအပိုင်းမှာ တိုးတက်လာကြောင်း သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

Ref: One Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top