အသတ်ခံလိုက်ရတဲ့ ပရိသတ်တစ်ဦးအတွက် ရည်ညွှန်းပြီး သီချင်းတစ်ပုဒ် သီဆိုပေးခဲ့တဲ့ ကိုရီးယားအဆိုတော် B.I

30-8-2022-yyl-02.jpg

ကိုရီးယားအဆိုတော် B.I နဲ့ သေဆုံးသွားခဲ့တဲ့ သူ့ရဲ့ပရိသတ်

မကြာသေးခင်က ကိုရီးယားအဆိုတော် B.I ဟာ ပရိသတ်တွေ့ဆုံပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ပရိသတ်တွေ့ဆုံပွဲကို တက်ရောက်ဖို့ လုပ်ထားခဲ့တဲ့ ပရိသတ်ကောင်မလေးတစ်ဦးကတော့ အသတ်ခံရပြီး သေဆုံးသွားခဲ့တာကြောင့် အဲဒီနေ့မှာ ရောက်မလာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ့ဆုံပွဲမှာ B.I က ကွယ်လွန်သွားပြီဖြစ်တဲ့ သူ့ရဲ့ပရိသတ် လက်ဗလီး အန် ဗီလာဂိုမက်ဇ်ကို ရည်ညွှန်းပြီး သီချင်းတစ်ပုဒ် သီဆိုပေးခဲ့ပါတယ်။

B.I က ဒီည ဒီနေရာမှာ ရှိနေသင့်တဲ့ တစ်စုံတစ်ယောက်အကြောင်း သူ ကြားသိခဲ့ရတယ်ဆိုတာကို ဩဂုတ်လ ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ ပရိသတ်တွေ့ဆုံပွဲအတွင်း ပြောပြခဲ့ပါတယ်။ “သူ့မိသားစုရဲ့ကိုယ်ရေးကိုယ်တာကို လေးစားတဲ့အတွက် ကျွန်တော် အများကြီးမပြောတော့ပါဘူး။ ဖျော်ဖြေသီဆိုပေးမယ့် နောက်သီချင်းက Rebirth လို့ခေါ်ပါတယ်။ ဒီသီချင်းက သူ့အတွက် ရည်ညွှန်းပါတယ်”လို့ B.I က ဆိုပါတယ်။

Rebirth က သူ့ရဲ့ပရိသတ်တွေအတွက် B.I ရေးသားခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး “နောက်ဘဝမှာ ငါ မင်းကို ရှာမှာပါ။ အကြောင်းတိုက်ဆိုင်ရင် ငါတို့ နောက်တစ်ကြိမ် ပြန်ဆုံတွေ့ကြမှာပါ” ဆိုတဲ့ စာသားလေးလည်းနဲ့ အဆုံးသတ်ထားပါတယ်။
လက်ဗလီးက B.I ရဲ့ပရိသတ်တွေ့ဆုံပွဲမတိုင်ခင် ဩဂုတ်လ ၂၂ ရက်နေ့က သူ့ရဲ့နေအိမ်မှာ အသတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။ Rebirth သီချင်းနဲ့ B.I ဖျော်ဖြေပြီးတဲ့နောက်မှာ ပရိသတ်တွေဖန်တီးထားတဲ့ ဗီဒီယိုတစ်ခုကိုလည်း ဖန်သားပြင်ကြီးထက်မှာ ဖွင့်ပြခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ”ချစ်ခြင်းမေတ္တာဖြင့် ကောင်းကင်ဘုံကနေ ကြည့်နေတဲ့ လက်ဗလီး အန်နီ”ဆိုတဲ့စာသားလေးပါဝင်ပါတယ်။

ပရိသတ်တွေ့ဆုံပွဲအတွင်း ပြသခဲ့တဲ့ ဗီဒီယိုမှ စာသား

လက်ဗလီးက ကေပေါ့ပ်အဖွဲ့ SF9 ရဲ့ပရိသတ်တစ်ယောက်လည်းဖြစ်ပါတယ်။ SF9 အဖွဲ့ရဲ့ Fandom ဖြစ်တဲ့ Fantasys ကလည်း လက်ဗလီးရဲ့မိသားစုအတွက် အလှူငွေ ကောက်ခံပေးဖို့အတွက် B.I ရဲ့ပရိသတ်တွေ့ဆုံပွဲကို လာရောက်ခဲ့ကြတဲ့အပြင် လက်ဗလီး ထိုင်ဖို့လုပ်ထားတဲ့ နေရာမှာ ပန်းတွေလည်း လာချပေးခဲ့ကြပါတယ်။

တွေ့ဆုံပွဲတက်ရောက်ခဲ့တဲ့ ပရိသတ်တစ်ဦးဖြစ်တဲ့ ဇီယာကလည်း အခုလို ပြောပါတယ်။ “ဒီသီချင်းက လက်ဗလီးအတွက် စာတစ်စောင်လိုပါပဲ။ အခု သူ ဘယ်နေရာပဲ ရောက်ရောက် နာကျင်မှုရှိမှာမဟုတ်တော့ဘူး။ နောက်ထပ် ကြောက်စရာမလိုတော့ဘူး။ လူတိုင်းရဲ့နှလုံးသားထဲမှာ သူ ရှိနေပါတယ်လို့ ပြောနေသလိုပဲ။ လူအုပ်ကြီးက အာရုံစိုက်ပြီး ခံစားချက်အပြည့်နဲ့ နားထောင်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ မီးချောင်းတွေ ဝှေ့ယမ်းရင်း B.I နဲ့အတူ သီချင်းတွေဆိုနေခဲ့ကြတယ်။ အဲဒီအချိန်အတွင်းမှာ ကျွန်မ တကယ်ကို မျက်ရည်ဝဲမိတယ်”

B.I က အမျိုးသားကေပေါ့ပ်အဖွဲ့ iKon ရဲ့ခေါင်းဆောင်အဖြစ် ၂၀၁၅ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာပါ။ ဒါပေမဲ့ မူးယစ်ဆေးသုံးစွဲမှုနဲ့ စွပ်စွဲခံခဲ့ရပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာ အဖွဲ့က ထွက်ခဲ့ပြီး တစ်ကိုယ်အဆိုတော်အဖြစ် ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။

Ref: AsiaOne “B.I dedicates song in Manila fanmeet to fan recently murdered”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top