ယခင်ပွဲစဉ်များထက် ပိုမိုကောင်းမွန်သောစွမ်းဆောင်ရည်များကို ပြသသွားမယ်ဆိုတဲ့ ဖိုးသော်

mma-champion.jpg

ဖိုးသော်

မြန်မာ့ဂုဏ်ဆောင်အားကစားသမား ဖိုးသော်သည် လာမည့် မတ်လ (၈) ရက်နေ့တွင် ကျင်းပမည့် ONE: REIGN OF VALOR ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲကြီးတွင် အင်ဒိုနီးရှားကစားသမား Yohan Mulia Legowo နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။

ONE မြန်မာ ဖယ်သာဝိတ်ပြိုင်ပွဲ ၂၀၁၆ ချန်ပီယံ ဖိုးသော်သည် နောက်ဆုံးထိုးသတ်ခဲ့သည့် ပြိုင်ပွဲတွင် မလေးရှား ကစားသမား Keanu Subba ကို ချုပ်ကွက်ဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော် ဖိုးသော်သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲ တလျှောက် (၆) ပွဲဆက်တိုက် နိုင်ပွဲရရှိထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။ ဖိုးသော်အနေဖြင့် ယခုပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ထားသည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Reign of Valor ပြိုင်ပွဲကြီး၏ ပြိုင်ပွဲဝင်ကစားသမားများနှင့် မီဒီယာများတွေ့ဆုံပွဲ အခမ်းအနားအပြီးတွင် ဖိုးသော်နှင့် ပွဲကြို အခြေအနေ တွေ့ဆုံမေးမြန်းမှုကို ဖော်ပြပေးလိုက်ပါသည်။

မေး – ပြိုင်ဘက်အင်ဒိုနီးရှား ကစားသမားအပေါ်သုံးသပ်ပေးပါဦး။

ဖြေ – ပြိုင်ဘက် Legowo က ကိုယ်ခံပညာ သိုင်းပေါင်းစုံ အတွေ့အကြုံများတယ်။ ပွဲပေါင်းများစွာလည်း ကစားခဲ့ဖူးတယ်။ ဘရာဇီး နပမ်း အားကစားဖြစ်တဲ့ ဂျုဂျစ်ဆုကို ပိုင်ပိုင်နိုင်နိုင်ကစားနိုင်တယ်။ သူ့မှာ ကိုယ်ပိုင်အားကစားရုံ ရှိတယ်။ နည်းပြတစ်ယောက်ဖြစ်တယ်။ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်လို့ သိထားတယ်။

မေး – ONE: REIGN OF VALOR ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အပေါ် ကျေနပ်မှုရှိပါသလား။

ဖြေ – ကျွန်တော် အောက်တိုဘာလလောက်ကတည်းက နပမ်းကို ဂျပန်နည်းပြနဲ့အတူ သေသေချာချာ လေ့ကျင့်ထားတယ်။ ထိုင်းနိုင်ငံ၊ ဖူးခတ်မှာရှိတဲ့ Tiger Muay Thai အားကစားရုံမှာ နပမ်း၊ အချုပ်နဲ့ မွေထိုင်းကို သွားရောက်သင်ကြားခဲ့တယ်။ ဒီပွဲမှာ ကျွန်တော်အနေနဲ့ အရင်ပွဲတွေထက်ပိုကောင်းတဲ့
စွမ်းဆောင်ရည်မျိုးကို ပြသနိုင်မယ်လို့ယုံကြည်တယ်။

မေး – နောက်ဆုံးပွဲမှာ Keanu Subba ကို ရှုံးနိမ့်ထားတာမို့ ဒီပွဲမှာ ဖိအားတွေနဲ့ ရင်ဆိုင်ရဖွယ်ရှိလား

ဖြေ – ကျွန်တော်အနေနဲ့တော့ ဒီပွဲဟာ ဖိအားမရှိဘူးလို့ပြောနိုင်တယ်။ အောက်တိုဘာလလောက်ကတည်းက အကောင်းဆုံးလေ့ကျင့်ပြင်ဆင်ထားတဲ့အတွက် ယုံကြည်မှုရှိတယ်။ ပွဲရလဒ်ကတော့ အားကစားဖြစ်နေတဲ့အတွက် ရှုံးမယ်၊ နိုင်မယ် သေချာပေါက်ပြောလို့မရဘူး။ ဒါပေမယ့် ကိုယ်ကစားနိုင်တဲ့အပေါ်မှာ အကောင်းဆုံးရလဒ်ထွက်ပေါ်အောင်ကြိုးစားမှာပါ။ အဓိကတော့လာရောက်အားပေးတဲ့ မြန်မာ ပရိသတ်တွေ စိတ်မပျက်စေရဘူး။ သူ့ဘက်ကလည်း ဒီပြိုင်ပွဲအတွက် အကောင်းဆုံးအားထည့်ပြီး ပြင်ဆင်လာမှာပါပဲ။ ဒါကြောင့်ပြိုင်ဘက်ကို လေးစားမှုအပြည့်နဲ့ ယှဉ်ပြိုင်ပြီး ကျွန်တော်သင်ထားတာတွေကို အပြည့်အဝအသုံးချနိုင်အောင် ကြိုးစားမယ်။

မေး – ပြိုင်ဘက်ကို ဘယ်အချိန်အတွင်း အလဲထိုးနိုင်မယ်လို့ ယုံကြည်ထားလဲ

ဖြေ – ဖြစ်နိုင်ရင်တော့ မြန်မြန် ပွဲသိမ်းနိုင်အောင် တိုက်စစ် မြန်မြန်နဲ့ ကြိုးစားမယ်။ ကျွန်တော် ပြိုင်ဘက်ကို ၁၀မိနစ်အတွင်း ဒုတိယအချီမှာ အလဲထိုးနိုင်အောင် ကြိုးစားမှာပါ။ နောက်ဆုံးအချီအထိ မသွားဘူး။ ဒီလို ပြိုင်ဘက်မျိုးကို ပွဲချိန် ကြာကြာ ယှဉ်ပြိုင်ရင် အန္တရာယ်ရှိပါတယ်။

မေး – လာရောက်အားပေးမယ့် ပရိသတ်အတွက် အမှာစကားလေးပြောပေးပါဦး

မြန်မာအားကစားသမားတွေ ကမ္ဘာမှာ ဂုဏ်ယူနိုင်အောင်ယှဉ်ပြိုင်နေတဲ့အချိန် ပရိသတ်အားက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ လာမယ့်ပွဲကြီးက ကယန်းတိုင်းရင်းသူ အန်တိုနီယာ၊ ချင်းတိုင်းရင်းသား တီရဲလ်ထန်၊ ဗမာလူမျိူး ကျွန်တော်ပါဝင်ပါမယ်။ တိုင်းရင်းသားအားလုံး တစ်သွေးတစ်သားထဲ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်တာဖြစ်လို့အားပေးကြပါ။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top