သဘာဝဘေးသင့် ပြည်သူတွေအတွက် ကျပ် ၁၃၅ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့

yyl-18-023.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းက သဘာဝဘေးဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတန်ဖိုးအပါအဝင် ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၁၃၅ သန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခံခန်းမမှာ အောက်တိုဘာ ၁၈ ရက်၊ နံနက်ပိုင်းက ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားမှာ ဝန်ကြီးချုပ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း ဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ်ပေါင်း ၁၂၀ ကျော်ရှိခဲ့ပြီးတော့ လူဦးရေ ၆၂၀၇ ဦး ဘေးဒုက္ခခံစားခဲ့ကြရတာ ဖြစ်ပါတယ်။ အခုလို ဘေးဒုက္ခခံစားခဲ့ကြရတဲ့ ပြည်သူတွေအတွက် ထောက်ပံ့ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။”အခုဖြစ်တဲ့ အကြိမ် ၁၂၀ ကျော်မှာ အများဆုံးဖြစ်တာက မီးဘေး၊ လေဘေးနဲ့ ရေဘေးအန္တရာယ်တွေ ဖြစ်ပါတယ်။ ဖြစ်ပြီးတာနဲ့ အမြန်ဆုံး အထောက်အပံ့ပေးနိုင်ဖို့လည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်”လို့ ရန်ကုန်တိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းရွှေက ပြောပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေတွေကို နှစ်စဉ် မြန်မာကျပ်ငွေ ၂၀ ဘီလီယံ ခွဲဝေသတ်မှတ်ပြီး သဘာဝဘေးအန္တရာယ်နဲ့စပ်လျဉ်းတဲ့ ကြိုတင် ကာကွယ်မှုတွေ၊ ထောက်ပံ့ပေးမှုတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

လက်ရှိ ၂၀၁၉ ခုနှစ်အတွင်းမှာ မွန်ပြည်နယ်၊ ပေါင်းမြို့နယ်အတွင်းက မြေပြိုဘေးကြောင့် စုစုပေါင်း လူဦးရေ ၇၃ ဦး သေဆုံးခဲ့ရပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် ရေကြီးရေလျှံမှုတွေကြောင့်လည်း ကူညီ ကယ်ဆယ်ထောက်ပံ့ပေးမှုတွေ ပြုလုပ်ခဲ့ကြရပါတယ်။သဘာဝဘေးအန္တရာယ်တွေဟာ အဖျက်စွမ်းအားကြီးမားတဲ့အတွက် အလွန်အရေးကြီးတဲ့အခန်းကဏ္ဍ တစ်ရပ်အနေနဲ့ အလေးထားဆောင်ရွက်နေသလို တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များကို ဖွဲ့စည်းပြီး ဆောင်ရွက်နေပါတယ်။ကမ္ဘာပေါ်မှာဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေရဲ့ ၆၅ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံတည်ရှိတဲ့ အာရှနဲ့ ပစိဖိတ်ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်တဲ့အပြင် တစ်ကမ္ဘာလုံးမှာရှိတဲ့ သဘာဝဘေးသင့်လူဦးရေစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းဟာလည်း အာရှပစိဖိတ်ဒေသကပဲ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top