ဖျော်ဖြေပွဲကရငွေအားလုံးကို El Paso အကြမ်းဖက်မှုကဓားစာခံတွေအတွက်လှူဒါန်းခဲ့တဲ့ လူငယ်အဆိုတော်

img19-1.jpg

အယ်လ်ပါဆိုမြို့ကို မြတ်နိုးတတ်တဲ့သူတွေထဲမှာ ခါလစ် (Khalid Donnel Robinson) လိုလူမျိုးကတော့ ရှားတယ်လို့ပဲဆိုရမှာပါ။ အထက်တန်းကျောင်းသားဘဝကတည်းက အယ်လ်ပါဆိုမြို့ဆီပြောင်းရွှေ့နေထိုင်ခဲ့သူ ခါလစ်က အဲဒီမြို့ကိုရည်ရွယ်တဲ့သီချင်းများစွာကိုလည်းဖန်တီးခဲ့ဖူးပါတယ်။

အယ်လ်ပါဆိုမြို့သားစင်စစ်မဟုတ်ပေမဲ့လည်း (၂၁) နှစ်အရွယ် ဒီလူငယ် R&B အဆိုတော်လေးဟာ အယ်လ်ပါဆိုသေနတ်ပစ်ခတ်မှုမှာဓားစာခံဖြစ်ခဲ့ရသူတွေအတွက် “A Night for Sun City” ဆိုတဲ့ဂီတဖျော်ဖြေပွဲတစ်ခုကိုကျင်းပပြီးရရှိတဲ့ ဒေါ်လာ (၅၀၀၀၀၀) စလုံးကို လှူဒါန်းပေးခဲ့ပါတယ်။ တီရှပ်နဲ့ ဖျော်ဖြေပွဲလက်မှတ်ရောင်းချငွေအားလုံးကို အယ်လ်ပါဆို လူမှုကူညီရေးဖောင်ဒေးရှင်း (El Paso Community Foundation) ထံ တစ်ပြားတစ်ချပ်မှမချန်ဘဲ လှူဒါန်းလိုက်တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လ (၃) ရက်နေ့က အယ်လ်ပါဆိုမြို့မှာ ထိတ်လန့်တုန်လှုပ်ဖွယ်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဝေါလ်မတ်စတိုးဆိုင်ထဲကို အကြမ်းဖက်သေနတ်သမားတစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။ပစ်ခတ်ခံရမှုကြောင့် လူ (၂၂) ဦးထိသေဆုံးခဲ့ရပြိး (၂၄) ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အဲဒီလိုအကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်တော့ ဂီတဖျော်ဖြေပွဲတစ်ခုကျင်းပဖို့ ခါလစ်ကကြေညာခဲ့ပြီး ပွဲလက်မှတ်တွေစရောင်းတဲ့အခါမှာလည်း စရောင်းပြီးမိနစ်ပိုင်းအတွင်းမှာပဲ တစ်စောင်မကျန်ရောင်းထွက်ခဲ့ပါတယ်။

ခါလစ်ရဲ့ “A Night for Sun City” ဖျော်ဖြေပွဲမှာ နာမည်ကျော် တက္ကဆက်နယ်သားတွေဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် မက်သယူး မက်ကွမ်နော့ဂ်ဟေး (Matthew McConaughey) နဲ့ ဘက်တို အိုရူကီ (Beto O’Rourke) တို့အပြင် SZA၊ ရေး စရီမာ့ဒ် (Rae Sremmurd) နဲ့ လီ ရက်ချီ (Lil Yachty) တို့ကပါ ပါဝင်ဖျော်ဖြေပေးခဲ့ကြပါတယ်။

“အယ်လ်ပါဆိုမှာဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်အကြမ်းဖက်မှုအတွက်သာမကဘဲ တိုင်းပြည်မှာ နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတဲ့ အဆင်ခြင်မဲ့အကြမ်းဖက်မှုတွေအားလုံးအတွက်ကိုပါ ကျွန်တော် အကြီးအကျယ်ထိခိုက်ကြေကွဲမိပါတယ်။ အခု ကျွန်တော်ချစ်တဲ့အယ်လ်ပါဆိုမြို့သူ/သားတွေအတွက် တစ်ခုခုပြန်ပေးဆပ်ပါရစေ။ ကြေကွဲရမှုတွေကို ဂီတနဲ့ပြန်ကုစားရင်း လိုအပ်နေသူတွေအတွက်လည်း ကူညီဖေးမပေးလိုက်ရအောင်” လို့ ခါလစ်က ဖျော်ဖြေပွဲစင်မြင့်ထက်ကနေ ကြေညာတိုက်တွန်းခဲ့ပါတယ်။

Ref: CNN “Khalid felt helpless after the El Paso shooting. So he raised $500,000 with a benefit concert”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top