အရာရာကို သင်ယူ တတ်မြောက်လွယ်စေမယ့် ဖေးရ်မန်း (Feynman) ရဲ့ နည်းလမ်း (4) သွယ်

48368589_1440692526062489_2723237573240553472_n.jpg

ကျွန်တော်တို့အနေနဲ့ တစ်စုံတစ်ခုကို လေ့လာမှုပြုတဲ့အခါ ရစ်ချက်စ် ဖေးရ်မန်း (Richard Feynman) ရဲ့ လေ့လာသင်ယူနည်း (၄) သွယ်ကို အသုံးပြုရင် ပိုပြီးလွယ်ကူစွာ သင်ယူ တတ်မြောက်နိုင်လာမယ်လို့ ဆိုပါတယ်။ နိုဘယ်လ်ဆုရ ရူပဗေဒပညာရှင် တစ်ဦးဖြစ်တဲ့ ဖေးရ်မန်းဟာ အမှုန်သီအိုရီလို ရှုပ်ထွေးနက်နဲတဲ့ ပညာရပ်မျိုးကို တစ်ပါးသူတစ်ယောက် လွယ်ကူစွာ သဘောပေါက်အောင် သာမန် ရှင်းလင်းတဲ့ အသုံး ဥပမာတွေနဲ့ ရှင်းပြနိုင်တဲ့သူ တစ်ဦး ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေ အချင်းချင်းပြောလေ့ရှိတာက “ဖေးရ်မန်းအနေနဲ့ သူရှင်းမပြနိုင်တဲ့အရာဆိုတာ ရှိရင် အဲဒီအရာက တစ်စုံတစ်ခု လွဲမှားနေလို့သာ ဖြစ်ပါလိမ့်မယ်” ဆိုတဲ့စကားပါ။ ဖေးရ်မန်းရဲ့ ရှင်းလင်း ပြသနိုင်မှုစွမ်းရည် မကောင်းတာ မဖြစ်နိုင်ပါဘူးလို့ ဆိုကြပါတယ်။

ဖေးရ်မန်းရဲ့ နည်းလမ်းတွေကို “Genius:The Life and Science of Richard Feynman” ဆိုတဲ့ စာအုပ်မှာ ထည့်သွင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဖေးရ်မန်းဟာ ပရင်စတန်တက္ကသိုလ်မှာ သင်ကြားခဲ့တုန်းက သူမှတ်စု စာအုပ် ယူဆောင်လာပြီး စာအုပ်ရဲ့ ရှေ့မှာ “ကျွန်ပ် မသိသေးသော အရာများ” ဆိုတဲ့ စာကို ရေးထားခဲ့ပါတယ်။ ပြီးရင်တော့ သူ့မျက်စိထဲ တွေ့သမျှအကုန် မှတ်တမ်းပြုတော့တာပါပဲ။ ရူပဗေဒဆိုင်ရာပစ္စည်းတွေ ထားတဲ့အခန်းမှာ ရက်ပေါင်းများစွာ သွားနေပြီး ပစ္စည်းတွေကို ဖြုတ်လိုက် တပ်လိုက် ဆီသုတ်လိုက် အလုပ်ရှုပ်နေတတ်ကာ သူရဲ့ ရည်ရွယ်ချက်ကတော့ အရာဝတ္ထုတွေဟာ ဘယ်ပုံဘယ်နည်း အလုပ် လုပ်တယ်ဆိုတာကို ပြင်းပြင်းပြပြ သိချင်တာပဲဖြစ်ပါတယ်။ သူပြောပြခဲ့တဲ့ သင်ယူရ မြန်ဆန်စေမယ့် နည်းလမ်း (၄) ခုကို ကြည့်လိုက်ရအောင်ပါ။

သင်နားလည်လိုတဲ့ အရာ/သင်ယူလိုတဲ့အရာကို ခေါင်းစဉ်တပ်ပြီး စတင်လေ့လာပါတော့

စာအုပ်လေးတစ်အုပ်နဲ့ သိလိုသမျှ အကုန်ချရေးလိုက်ပါ။ အဲဒီနောက် စတင်လေ့လာပါ။ တစ်ခုခု သိလာရပြီဆိုရင် အချက်အလက်နဲ့တကွ သေချာ ရေးမှတ်လိုက်ပါ။ သိလိုသမျှ အချက်တွေ အကုန်လုံးကို သိရသည်အထိ လေ့လာပါ။ သေချာ ရေးမှတ်ပါ။

တစ်စုံတစ်ယောက်ကို ရှင်းပြပါ (ရှင်းပြသည့်ပုံစံမျိုး ပြုလုပ်ပါ)

တစ်စုံတစ်ယောက်ဟာ အဲဒီအချက်တွေကို မသိလို့ သင့်ကို လာမေးနေတယ်လို့ စိတ်ကူးပြီး အဲဒီလူကို သေချာ ရှင်းပြပေးလိုက်ပါ။ သေချာစွာ ရှင်းမပြနိုင်သေးဘူးဆိုရင် သင်ကိုယ်တိုင် သဘောပေါက် နားလည်ခြင်း မရှိသေးပါဘူး။ တစ်စုံတစ်ယောက်ကို နားလည်အောင် ပြောနိုင်တဲ့အထိ ထပ်မံလေ့လာပါ။

မှတ်ထားတဲ့ စာအုပ်ကို ပြန်ကြည့်ပြီး ဖြည့်စွက်ပါ

သင်ရေးမှတ်ခဲ့တဲ့ စာတွေနဲ့ သင်ရှင်းပြလိုက်တဲ့အရာတွေဟာ သေသေချာချာကို ကွဲလွဲပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် သင်ဟာ တစ်စုံတစ်ယောက်ကို ရှင်းပြနေရင်းနဲ့ပဲ ပိုမိုကောင်းမွန်တဲ့ အမြင်သစ်တွေကို ထပ်ပြီးရလာမှာ ဖြစ်လို့ပါပဲ။ ဒီအမြင်သစ်တွေကို ထပ်ပြီး ဖြည့်စွက် မှတ်သားထားလိုက်ပါ။

ရိုးရှင်းတဲ့ ဥပမာတွေ၊ ကိန်းဂဏန်း သာဓကတွေကို တွေးတောပါ

သူတစ်ပါးကို ရှင်းပြဖို့ဆိုတာ သင်နားလည်ထားသလို ပြောလိုက်လို့ မရပါဘူး။ လွယ်ကူရှင်းလင်းတဲ့ ဥပမာတွေ၊ ရိုးရှင်းတဲ့ ကိန်းဂဏန်းတွေကို အသုံးပြုရပါမယ်။

ဒီလိုပြုလုပ်အပြီးမှာတော့ သင်သိချင်တဲ့အရာ၊ သင်နားလည်ချင်တဲ့ အရာကို ဘယ်တော့မှ မမေ့နိုင်တော့ပါဘူး။ ဥပမာတွေ၊ သာဓကတွေနဲ့အတူ ဘယ်အချိန်မှာပဲ စဉ်းစားလိုက်သည်ဖြစ်စေ ချက်ချင်းပြန်မှတ်မိနေတော့မှာ ဖြစ်ပါတယ်။

Ref: Curiosity ”Learn everything in four steps with Richard Feynman”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top