နေ့လည်စာ စားပြီးရင် လေးလံထိုင်းမှိုင်းခြင်းတွေ မဖြစ်အောင် ဘယ်လိုလုပ်မလဲ

sl1.jpg

နေ့လည်စာ စားပြီးရင် အမြဲတမ်း အိပ်ချင်သလို ခံစားရပါသလား။ အလုပ်ကိုလည်း အာရုံမစိုက်နိုင်ဘဲ အိပ်ချင်မူးတူးဖြစ်နေတယ်မလား။ အဲဒီလိုမျိုးပြဿနာကို ရင်ဆိုင်နေရတာ ကျွန်မတို့အားလုံးပါပဲ။ လေးလံထိုင်းမှိုင်းခြင်းက နေ့လည်စာ စားပြီးတဲ့အခါတိုင်း ဖြစ်တတ်ပြီး အစာခြေနေစဉ်အတွင်း ဓာတုပြောင်းလဲခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုတစ်ခုပါပဲ။ ဒါကတော့ လူတိုင်းဖြစ်ကြပါတယ်။ နေ့ခင်းပိုင်းဖြစ်တတ်တဲ့ လေးလံထိုင်းမှိုင်းဖြစ်ခြင်းတွေ မဖြစ်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။

ညဘက်တွေမှာ သင့်တင့်လျောက်ပတ်စွာ အိပ်စက်ပါ

သင့်ခန္ဓာကိုယ်က နေ့တိုင်း သင့်တင့်လျောက်ပတ်တဲ့အနားယူခြင်းကို လိုအပ်ပါတယ်။ ညတိုင်း အိပ်ချိန် (၇)နာရီ (သို့) (၈) နာရီပြည့်အောင် အိပ်စက်ခြင်းက တစ်နေ့လုံး ခွန်အားအပြည့်နဲ့ တက်ကြွလန်းဆန်းနေဖို့အတွက် အရမ်းအရေးကြီးပါတယ်။ နေ့တိုင်း အချိန်မှန်မှန်အိပ်ရာထတဲ့အလေ့အကျင့်ကို လုပ်ဆောင်ပေးပါ။ ဒါမှ သင်ရဲ့ခန္ဓာကိုယ်က ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နိုင်မှာပါ။ အိပ်ချိန်မမှန်ဘဲ စောစောထခြင်းက နေ့ခင်းပိုင်းမှာ ပင်ပန်းသလို ခံစားရစေပါတယ်။

သကြားစားသုံးမှုပမာဏကို စစ်ဆေးပါ

အားအင်ကုန်ခန်းသွားတာကို ရှောင်ရှားဖို့ရာ နေ့လည်စာ စားချိန်အတွင်း သကြားနဲ့ အဆီစားသုံးမှုပမာဏကို ကန့်သတ်ထားပါ။ သကြားက အင်အားပမာဏကို ခဏတာ
တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းကျရင် သင့်ကို ပင်ပန်းနွမ်းလျစေပါတယ်။ နေ့ခင်းပိုင်းတွေမှာ အချိုဓာတ်စားပေးမဲ့အစား သစ်သီး စားပေးပါ။

သံဓာတ်ကြွယ်ဝတဲ့အစားအစာကို စားပေးပါ

နေ့ခင်းပိုင်းမှာ သံဓာတ်၊ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအစာကို စားပေးပါ။ သံဓာတ်က ခန္ဓာကိုယ်အားဖြည့်နေစေမယ့် အောက်စီဂျင်ကို သယ်ဆောင်ပေးတဲ့ သွေးဖြူဥအတွင်းမှ ဓာတ်ပစ္စည်း ထုတ်လွှတ်မှုကို တိုးလာစေပါတယ်။ ကာဗွန်ဟိုက်ဒရိုတ်က ခန္ဓာကိုယ်တစ်ခုလုံးကို ဂလူကို့ဓာတ်တွေ ဖြန့်ဖြူးပေးတဲ့နေရာမှာ အရေးကြီးသလို ခန္ဓာကိုယ်လုပ်ဆောင်နိုင်အောင် ကူညီပေးပါတယ်။ အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေက နေ့ခင်းပိုင်းမှာ ဖြစ်တတ်တဲ့ လေးလံထိုင်းမှိုင်းခြင်းကို လျော့နည်းစေပါတယ်။

လမ်း အနည်းငယ် လျှောက်ပေးပါ

နေ့လည်စာ စားပြီးတဲ့နောက် အလုပ်ချက်ချင်းမလုပ်ပါနဲ့။ အလုပ်ဆီ ဦးမတည်ခင်မှာ (၁၀) မိနစ်၊ (၁၅)မိနစ်လောက် လမ်းလျှောက်ပေးပါ။ ဒါက ခန္ဓာကိုယ်အတွင်းမှ အောက်စီဂျင်ပမာဏကို တိုးလာစေပြီး အင်အားပမာဏကိုလည်း တိုးမြှင့်လာစေပါတယ်။

ဖြစ်နိုင်ရင် ခဏလောက် မှေးလိုက်ပါ

ခဏလောက် အိပ်ဖို့ဆိုတာ အချိန်တိုင်းမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အချိန်ရမယ်ဆိုရင် နေ့လည်စာ စားပြီးရင် ခဏလေး မှေးလိုက်ပါ။ ဒါမှ သင့်ကို အားပြည့်စေပြီး အလုပ်ကို ပိုပြီး အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို ရေဓာတ်ဖြည့်ပေးပါ

ရေဓာတ်ပြည့်နေစေဖို့ နေ့လည်စာ စားပြီးတဲ့နောက် ရေလုံလောက်စွာ သောက်ပေးပါ။ ရေက ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအတွက် အရမ်း အရေးကြီးပါတယ်။အိပ်ချင်စိတ်ဖြစ်နေတာကလည်း ရေဓာတ်ကုန်ခန်းခြင်းရဲ့လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ရေလုံလောက်စွာ သောက်သုံးပေးပါ။

အထက်ပါနည်းလမ်းတွေအတိုင်း လုပ်ဆောင်မယ်ဆိုရင် နေ့လည်စာ စားပြီးတိုင်းဖြစ်တတ်တဲ့ လေးလံထိုင်းမှိုင်းတာ၊ အိပ်ချင်တာတွေ ဖြစ်မလာစေဘဲ တစ်နေ့လုံး လန်းဆန်းတက်ကြွနေမှာပါနော်..။

Ref: Try these small hacks to avoid feeling sluggish after lunch
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top