ဗီတာမင်ချို့တဲ့သော လက္ခဏာများ

18-5-2020-yyl-024.jpg

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ အစားအစာများဟာ သင့်နေ့စဉ်ဘဝကို အများကြီး အထောက်အကူ ပြုပါတယ်။ တဖက်မှာလည်း အာဟာရဓာတ်နည်းပါးတဲ့ အစားအသောက်များကို စားသုံးဖန်များရင် ရေရှည်မှာထိခိုက်လာနိုင်ပါတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းလာလို့ ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့ယွင်းရင်ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

၁။ ဆံပင်နှင့်လက်သည်းများ ကြွတ်ဆတ်ကျိုးပဲ့လွယ်လာခြင်း

ဆံသားများခြောက်သွေ့ပြီး လက်သည်းခြေသည်းများ ကျိုးပဲ့လွယ်လာခြင်းဟာ အကြောင်းအရင်းမျိုးစုံ ရှိနိုင်ပါတယ်။ အဲဒီထဲက အကြောင်းအရင်းတခုကတော့ biotin ချို့တဲ့လို့ ဖြစ်ပါတယ်။ Biotin ကို ဗီတာမင် B7 လို့လည်း သိကြပါတယ်။ Biotin ချို့တဲ့ခြင်းကြောင့် ဆံသားများပျက်စီးခြင်း၊ ခြေသည်းလက်သည်းများ ကျိုးပဲ့လွယ်ခြင်းအပြင် ပင်ပန်းနွမ်းနယ်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ကြွက်တက်ခြင်း၊ ခြေလက်များ ကျင်ခြင်း စတာတွေလည်း ကြုံတွေ့နိုင်ပါတယ်။

၂။ ပါးစပ်အတွင်းအနာများဖြစ်ခြင်း၊ နှုတ်ခမ်းထောင့်တွင် အက်ကွဲခြင်း

ပါးစပ်အတွင်းနှင့် နှုတ်ခမ်းပတ်လည်မှာ အနာများဖြစ်ခြင်းဟာ ဗီတာမင်နဲ့သတ္တုဓာတ်အချို့ ချို့ယွင်းခြင်းကြောင့် ဖြစ်ပါတယ်။ အဓိကအားဖြင့် သံဓာတ်နဲ့ ဗီတာမင်ဘီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ သုတေသနတခုရဲ့ဖော်ပြချက်အရ နှုတ်ခမ်းမှာအနာဖြစ်သူများရဲ့ ၂၈%ဟာ ဗီတာမင် B1၊ ဗီတာမင် B2 နဲ့ ဗီတာမင် B6 စတာတွေ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အသားငါး၊ ကြက်ဘဲ၊ ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အခွံမာသီး၊ အစေ့အဆန်များ၊ ဗီတာမင်ဘီအုပ်စုကြွယ်ဝတဲ့ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကလီစာများ၊ ပဲအမျိုးမျိုး စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။

၃။ သွားဖုံးသွေးယိုခြင်း

သွားဖုံးသွေးယိုရခြင်းရဲ့ အကြောင်းအရင်းတခုကတော့ ဗီတာမင်စီ ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဗီတာမင်စီဟာ အနာကျက်မြန်စေခြင်း၊ ကိုယ်ခံစွမ်းအားမြှင့်တင်ပေးခြင်း စတဲ့ကိစ္စရပ်တွေအတွက် အရေးပါပါတယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေကို စားသုံးတာနည်းရင် ဗီတာမင်စီချို့တဲ့ခြင်း ဖြစ်တတ်ပါတယ်။ လိမ္မော်သီး၊ သံပုရာသီး၊ နာနတ်သီး စတာတွေဟာ ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေပဲ ဖြစ်ပါတယ်။

၄။ ညအချိန်အမြင်အာရုံအားနည်းခြင်း

ဗီတာမင်အေ ချို့တဲ့ရင် ညအချိန် ဒါမှမဟုတ် အမှောင်ထဲမှာ မြင်နိုင်စွမ်းလျော့ကျသွားပါတယ်။ ဗီတာမင် အေ ချို့တဲ့တယ်လို့ သံသယရှိရင် ကလီစာ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဥအမျိုးမျီုး၊ ငါးအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင်ရှိသော အသီးအနှံများစတဲ့ ဗီတာမင်အေကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ ဗီတာမင် အေ အားဆေးတွေကိုလည်း သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဗီတာမင် အေ လွန်ကဲသွားရင်လည်း ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရေပြားယားယံခြင်း၊ အရိုးအဆစ်များနာခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

၅။ အရေပြားအကွက်များဖြစ်ခြင်း၊ ဗောက်ထခြင်း

ကိုယ်ခန္ဓာရဲ့ အဆီထွက်တဲ့နေရာတွေကို ထိခိုက်စေတဲ့ အရေပြားပြဿနာကြောင့် ဖြစ်တတ်ပါတယ်။ အရေပြားမှာ အကွက်များထပြီး ယားယံတတ်ပါတယ်။ ဦးရေပြားမှာလည်း ဗောက်ထတတ်ပါတယ်။ ဒီပြဿနာဟာ အကြောင်းအရင်းမျိုးစုံကြောင့် ဖြစ်နိုင်ပါတယ်။ ဇင့်၊ ဗီတာမင် B3၊ ဗီတာမင် B2 နဲ့ ဗီတာမင် B6 စတာတွေ နည်းပါးလို့ ဖြစ်နိုင်ပါတယ်။ ဗီတာမင် B အုပ်စုဝင်တွေများပြားတဲ့ အသားငါး၊ ကြက်ဘဲ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ ကလီစာ၊ ပဲအမျိုးမျိုး စတာတွေ စားသုံးသင့်ပါတယ်။ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပင်လယ်စာ၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းများ၊ အခွံမာသီး စတာတွေ ဖြစ်ပါတယ်။

၆။ ဆံပင်ကျွတ်ခြင်း

လူအများစု ကြုံတွေ့နေကြ ပြဿနာဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူများရဲ့ ၅၀%ဟာ အသက် ၅၀ လောက်မှာ ဆံပင်တွေ ကျွတ်လာတတ်ပါတယ်။ အာဟာရဓာတ်အချို့နည်းရင်လည်း ဆံပင်ကျွတ်လွယ်ပါတယ်။ အဓိကအားဖြင့် အောက်ဖော်ပြပါ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။

• သံဓာတ်။ ဒီအန်အေဖွဲ့စည်းခြင်းဟာ ပါဝင်တဲ့ အာဟာရဓာတ်ဖြစ်ပြီး ဆံပင်ရင်းနေရာက ဒီအန်အေလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့် သံဓာတ်နည်းလွန်းရင် ဆံပင်ပေါက်ဖို့ခက်ပြီး ကျွတ်လွယ်ပါတယ်။

• ဇင့်။ ပရိုတိန်းဖွဲ့စည်းခြင်းအတွက် အသုံးပြုတဲ့အတွက် ဆံပင်ပေါက်ခြင်းအတွက် အရေးပါပါတယ်။ ဇင့်ဓာတ်ချို့ယွင်းရင် ဆံပင်ပေါက်ဖို့ ခက်ပါတယ်။

• Linoleic acid (LA) နှင့် alpha-linolenic acid (ALA)။ ဖက်တီးအက်ဆစ်တွေဖြစ်ပြီး ဆံပင်ရှည်ထွက်ဖို့၊ ဆံသားကို ထိန်းသိမ်းထားဖို့ အရေးပါပါတယ်။

• ဗီတာမင် B3။ ဆံသားကို သန်စွမ်းအောင် ထိန်းသိမ်းထားပါတယ်။ ဆံပင်ကွက်ပြီး ကျွတ်တတ်ခြင်းဟာ ဗီတာမင် B3 ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

• ဗီတာမင် B7။ Biotin လျော့နည်းခြင်းဟာလည်း ဆံပင်များကျွတ်ရခြင်းရဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

၇။ အရေပြားပေါ် အနီဖု၊ အဖြူဖုများပေါက်ခြင်း

ပါး၊ လက်မောင်း၊ ပေါင်၊ တင်ပါး စတာတွေမှာ ဖြစ်တတ်ပါတယ်။ မွေးကျွတ်နာပုံစံမျိုးပါ တွေ့ရပါတယ်။ ဗီတာမင် အေနဲ့ ဗီတာမင် စီ ချို့တဲ့ရင်ဖြစ်တတ်ပါတယ်။ အသားငါး၊ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊ အဝါရောင် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ စတာတွေကို ပိုမိုစားသုံးသင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top