နယုန်လပြည့် မဟာသမယအခါတော်နေ့

nayonfullmonday.png

နယုန်လကို နွေနှောင်းလလို့ ခေါ်ကြတယ်။ မြန်မာလတွေထဲမှာ တတိယလဖြစ်တဲ့ နယုန်လရောက်ပြီဆိုတာနဲ့ နွေရာသီ ကုန်ဆုံးဖို့ ၁၅ ရက်ပဲ ကျန်တော့တယ်လေ။ နွေရာသီ အပူချိန် လျော့ကျလာတဲ့လ၊ မိုးသေးမိုးဖွဲလေးတွေ ရွာသွန်းလို့ မြက်နုလေးတွေ စိမ်းစိုလာတဲ့လ ဖြစ်ပါတယ်။ ဒါကြောင့် နယုန်မိုးသေး မြက်သားမွေးလို့လည်း ဆိုစမှတ် ပြုကြတယ်။

နယုန်လဟာ လယ်သမား လုပ်ငန်းခွင်ကို စတင်ဝင်ရောက်ကြတဲ့ကာလဖြစ်ပြီး ရှေးမြန်မာဘုရင်တွေလက်ထက်မှာ စိုက်ပျိုးရေးကို အားပေးတဲ့အနေနဲ့ လယ်ထွန်မင်္ဂလာအခမ်းအနား ကျင်းပလေ့ရှိပါတယ်။ စာပြန်ပွဲတွေလည်း ကျင်းပကြတယ်။

ကပိလဝတ်ပြည်အနီး မဟာဝုန်တောကြီးမှာ ဂေါတမမြတ်စွာဘုရားရှင် သီတင်းသုံးနေတုန်း နယုန်လအခါ ညှိုးခြောက်နေတဲ့ ကောက်ပင်များအတွက် ရောဟိနီ မြစ်ရေကို အကြောင်းပြုပြီး မြစ်ရဲ့ ဝဲယာမှာ နေထိုင်ကြတဲ့ ကပိလဝတ်ပြည်သားတွေနဲ့ ကောလိယ ပြည်သားတွေ အချင်းဖြစ်ပွားကာ နှစ်ပြည်ထောင် စစ်ပြင်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာပဲ မြတ်စွာဘုရားကို ဖူးမြင်လိုက်ရတဲ့အတွက် နှစ်ပြည်ထောင်သားတွေဟာ တစ်ဖက်ရန်သူက မိမိတို့ကို သတ်ချင်သတ်ပါစေတော့လို့ ဆုံးဖြတ်ပြီး လက်နက်တွေကို စွန့်လွှတ်ကာ မြတ်စွာဘုရားကို ဖူးမြော်ကြပါတယ်။ မြတ်စွာဘုရားက ဖန္ဒနဇာတ်၊ ပထဝီဥန္ဒြိယဇာတ်၊ လုကိကဇာတ်၊ ရုက္ခဓမ္မဇာတ်၊ ဝဓကဇာတ်တွေ ဟောကြားခဲ့ပြီးနောက်မှာတော့ မြတ်စွာဘုရားကြောင့်သာ သူတို့အသက်ချမ်းသာရာရကြတယ်ဆိုပြီး တစ်ပြည်ထောင်စီက မင်းသား ၂၅၀ ဟာလည်း ရဟန်းပြုခဲ့ကြပါတယ်။

ဒါပေမဲ့ ရဟန်းငါးရာက ရဟန်းအဖြစ် မမွေ့လျော်နိုင်ကြသေးလို့ ဟိမဝန္တာ၊ ကုဏာလအိုင်ကို ခေါ်ဆောင်ပြီး ကုဏာလဇာတ်ကို ဟောတော်မူတဲ့အခါ အားလုံး သောတာပန်ဖြစ်သွားကြပါတယ်။ အဲဒီနောက် မဟာဝုန်တောကို ပြန်ကြွတော်မူပြီး ကမ္မဋ္ဌာန်းတရား ပွားများစေရာ ရဟန်းငါးရာလုံး ရဟန္တာဖြစ်ကုန်ကြပါတယ်။

မြတ်စွာဘုရားသခင်ဟာ ကိလေသာ စင်ကြယ်ကုန်ပြီးသော ရဟန္တာငါးရာ ခြံရံပြီး မဟာဝုန်တောမှာ တင့်တယ်စွာ စံပယ်တော်မူနေတာကို နတ်ဗြဟ္မာ အပေါင်းက အထူးကြည်ညိုပြီးမဟာဝုန်တောသို့ စုဝေးလာရောက်ကြပါတယ်။ မြတ်စွာဘုရားသခင်က စုဝေးလာရောက်ကြတဲ့ လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား မဟာသမယသုတ်တော်ကို ဟောတော်မူခဲ့လို့ နယုန်လပြည့်နေ့ကို မဟာသမယအခါတော်နေ့လို့လည်း ခေါ်ဝေါ်ကြပါတယ်။

မဟာသမယအခါတော်နေ့ ကျင်းပပြီး မဟာသမယ သုတ်တော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုကြသလို ဓမ္မစကြာသုတ်၊ ဓဇဂ္ဂသုတ်၊ ရတနသုတ်၊ မေတ္တသုတ်၊ အာဋာနာဋိယသုတ်၊ ပုဗ္ဗဏှသုတ်၊ ဓာရဏပရိတ်တော် ပရိတ်တော် စတဲ့ တရားတော်များကိုလည်း စုဝေးရွတ်ဆိုလေ့ ရှိကြပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top