နယူးဆောက်ဝေးလ်ပြည်နယ် မီးသတ်တပ်ဖွဲ့ အတွက် သရုပ်ဆောင်တစ်ဦးက ၄၈ နာရီအတွင်း အလှူငွေ သန်း (၂၀) ရှာဖွေပေးနိုင်ခဲ့

intll01.jpg

တောမီးလောင်ကျွမ်းမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် မီးသတ်တပ်ဖွဲ့အတွက် ဟာသသရုပ်ဆောင် တစ်ယောက်က (၄၈)နာရီအတွင်း ရန်ပုံငွေ သြစတြေးလျဒေါ်လာ သန်း ၂၀(အမေရိကန်ဒေါ်လာ ၁၃ သန်း)ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ သြစတြေးလျ ဟာသသရုပ်ဆောင် ဆီလက်ဘာဘာ (Celeste Barber)က ”ကျေးဇူးပြုပြီး တတ်နိုင်သလောက် ကူညီကြပါ။ တောမီးလောင်နေတာ ကြောက်စရာကြီးပါ”လို့ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးသားခဲ့ပြီးနောက် အလှူငွေတွေ သောက် သောက်လဲ ရရှိခဲ့တာပါ။

ဆီလက်ဘာဘာရဲ့မိသားစုလည်း နယူးဆောက်ဝေးလ်ပြည်နယ်၊ အီဒင်မြို့ကနေ ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုရရှိလာတဲ့ အလှူငွေတွေကို နယူးဆောက်ဝေးလ်ပြည်နယ် ကျေးလက်မီး သတ်ဌာ နနဲ့ တပ်ဖွဲ့များလှူဒါန်းရေးရန်ပုံငွေအဖြစ် ပေးအပ်သွားမယ်လို့ ဆီလက်ဘာဘာက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တောမီးငြှိမ်းသတ်ရေး ကြိုးပမ်းအားထုတ်မှုတွေကို ကူညီ ထောက်ပံ့ပေးတဲ့အနေနဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေက အလှူငွေတွေ ပေးအပ်ခဲ့ကြပါတယ်။ အမေရိကန်အဆိုတော် ပင့်ခ်(Pink)၊ အော်စကာဆုရ မင်းသမီးနစ်ကိုးကစ်ဒ်မန်း (Nicole Kidman) တို့က အမေရိကန်ဒေါ်လာ ၅၀၀၀၀၀ စီ လှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလက တောမီးစတင်လောင်ကျွမ်းခဲ့ပြီးနောက်ပိုင်း သြစတြေးလျနိုင်ငံမှာ အနည်းဆုံး လူ(၂၄)ယောက် သေဆုံးခဲ့ပါတယ်။ တောမီးငြိမ်းသတ်ရာမှာ ပါဝင်ကူညီဖို့ သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင် (Scott Morrison) က အရန်စစ်သည် ၃၀၀၀ ကို ခေါ်ယူထားပါတယ်။ သြစတြေးလျနိုင်ငံမြို့တော် ကန်ဘာရာမြို့ဟာ ကမ္ဘာပေါ်မှာ လေထု အရည်အသွေး အဆိုးရွားဆုံးဖြစ်နေပြီး ဒေသခံတွေကို အိမ်ပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။ သြစတြေးလျနိုင်ငံတစ်ဝန်းမှာ တောမီးလောင်ကျွမ်းမှု (၂၀၀)နီးပါးဖြစ်ပွားနေပြီး တောမီး ဒဏ် အဆိုးရွားဆုံး ခံစားရတာကတော့ နယူးဆောက်ဝေးလ်ပြည်နယ်ပါပဲ။ နယူးဆောက်ဝေးလ်ပြည်နယ်မှာ နေအိမ် (၁၂၀၀)ကျော် မီးထဲပါသွားခဲ့ပြီး မြေနေရာ ဟက်တာဧက သန်းချီ မီးလောင်ကျွမ်းခဲ့ပါတယ်။ ဒီနေ့အတွက် ကန်ဘာရာမြို့မှာ အတက်၊ အဆင်းလုပ်ဖို့ စီစဉ်ထားတဲ့ လေကြောင်းခရီးစဉ်တွေကို သြစတြေးလျလေကြောင်းလိုင်း Qantas က ဖျက်သိမ်းခဲ့ ပါတယ်။

စင်ကာပူနဲ့ ပါပူအာနယူးဂီနီနိုင်ငံတွေက တောမီးငြိမ်းသတ်ရာမှာ စစ်ဘက်ဆိုင်ရာ အထောက်အပံ့ပေးဖို့ ကမ်းလှမ်းထားပြီး နယူးဇီလန်နိုင်ငံကတော့ လေတပ်ရဟတ်ယာဉ် (၃)စင်း ထပ်မံ စေလွှတ်ထားပါတယ်။ ဒီနေ့မှာ သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတစ်ဝိုက် ရာသီဥတု အေးမြပြီး မိုးရွာသွန်းဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ လာမယ့်တစ်ပတ်မှာ နောက်ထပ် အန္တရာယ်ဖြစ်နိုင်ခြေတွေ ရှိနေသေးတယ်လို့ မီးသတ်ဌာန အရာရှိတွေက သတိပေးထားပါတယ်။

Ref: BBC ”Australia bushfires: Fundraiser reaches A$20m in 48 hours”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top