ဓားနဲ့ ခြိမ်းခြောက်တိုက်ခိုက်သူကို ဖမ်းဆီးပေးခဲ့တဲ့ အိမ်ခြေယာမဲ့ သူရဲကောင်း

unnamed.jpg

ပြီးခဲ့တဲ့ သောကြာနေ့က မဲလ်ဘုန်း (Melbourne) မြို့ရဲ့ လူစည်ကားတဲ့ လမ်းမတစ်နေရာမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဟာဆန် (Hassan) ဆိုတဲ့ လူဆိုးက ရဲနှစ်ယောက်ကို ဓားနဲ့ထိုးပြီး ထွက်ပြေးသွားတာကြောင့် ရဲကားတွေနဲ့ လိုက်ပြီး ဖမ်းဆီးနေတာပါ။ ဒီမတိုင်ခင်ကလည်း လူဆိုးက ကော်ဖီဆိုင်ပိုင်ရှင်ကို သတ်ပြီး လူနှစ်ဦး ဒဏ်ရာရအောင် လုပ်သွားခဲ့ပါသေးတယ်။

ရဲတွေ လိုက်ဖမ်းချိန်မှာတော့ ဓာတ်ငွေ့အပြည့်ရှိတဲ့ ကားတစ်စီးကို မီးလောင်အောင်လည်း လူဆိုးက ဖန်တီးခဲ့ပါတယ်။ လူစည်ကားတဲ့ လမ်းမပေါ်မှာမှ ကားမီးလောင်အောင် တမင်သက်သက် ဖန်တီးလိုက်တာပါ။ ကားနဲ့ မလှမ်းမကမ်း နေရာတစ်ခုမှာတော့ သူရဲကောင်းတစ်ယောက် ရှိနေပါတယ်။ သူကတော့ အိမ်ခြေမဲ့ မိုက်ကယ်ရော်ဂျာ (Michael Rogers) ဖြစ်ပါတယ်။ ဟာဆန်ကို ရဲတွေလိုက်ဖမ်းနေမှန်း သိချိန်မှာတော့ တာဝန်ရှိပြည်သူပီပီ မိုက်ကယ်တစ်ယောက် အစွမ်းပြလိုက်ပါတယ်။ လက်ထဲကဓား တကားကားနဲ့ ဝိုင်းထားတဲ့ ရဲတွေကို ခြိမ်းခြောက်နေတဲ့ လူဆိုးဆီ ဈေးဝယ်တွန်းလှည်းကို အားကုန်တွန်းထုတ်လိုက်ပြီး ကူညီဖမ်းဆီးပေးခဲ့တာ ဖြစ်ပါတယ်။

မိုက်ကယ်ရဲ့ ကြိုးပမ်းကူညီမှုကို ဗီဒီယိုရိုက်ထားပြီး သူရဲကောင်း မိုက်ကယ်ဆိုတဲ့ သတင်းစာသား အွန်လိုင်းပေါ် တက်လာချိန်မှာတော့ သူ့ကို ကူညီဖို့ ရန်ပုံငွေ ဒေါ်လာ တစ်သိန်းကို လူတွေက ဝိုင်းဝန်းထည့်ဝင်ခဲ့ကြပါတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး စီးပွားရှာနိုင်တဲ့ အနေအထားထိ မိုက်ကယ်ကို ကူညီမယ်လို့ အိမ်ခြေယာမဲ့ ကူညီပေးရေး အဖွဲ့အစည်းက ကြေညာချိန်မှာတော့ လူပေါင်း ၃ ထောင်ကျော်ကလည်း ငွေအား ထပ်မံထည့်ဝင်ကြပါတယ်။

မိုက်ကယ်ကတော့ ကူညီပေးလိုက်ရတဲ့အတွက် ဘာအကျိုးကျေးဇူးမှ မမျှော်လင့်ခဲ့ပါဘူး။ ဒီလိုမျိုး လူသားဆန်တဲ့ သူရဲကောင်းအတွက် ကိုယ်ပိုင်အိမ်တစ်လုံးပေးပြီး အကြမ်းဖက်မှုကို မျက်မြင်တွေ့လိုက်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုပါ ပေးသွားမယ်လို့ သိရပါတယ်။

Ref: BBC.com “Trolley man: Funds flood in for Melbourne’s homeless hero”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top