ပါးစပ်ပေါက် ကောင်းကောင်းမမြင်ရတဲ့ မွေးကင်းစကလေးငယ်ကို ကျန်းမာရေးအဖွဲ့က နှလုံးပြန်ခုန်လာအောင် လုပ်ပြီး အသက်ကယ်

20-10-2020-yyl-001.jpg

လမစေ့ဘဲ မွေးဖွားလာတဲ့ ကလေးငယ် အသက်ရှူရပ်တန့်သွားချိန်မှာ အသက်ကယ်ပေးခဲ့တဲ့ ကျန်းမာရေးအဖွဲ့ကို ကလေးငယ်ရဲ့မိသားစုက ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ ဂရင်းစမစ်လို့ အမည်ရတဲ့ အသက် ၃၃ နှစ်အရွယ် ဗြိတိန်အမျိုးသမီးဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက ဗိုက်နာလာတဲ့အတွက် သူ့အတူနေ ချစ်သူ အလုပ်လုပ်တဲ့ လော်ရီကားနဲ့ ဆေးရုံကိုသွားဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ကားထဲအရောက်မှာပဲ မီးဖွားလာခဲ့ပြီး ကလေးကလည်း အရမ်းသေးလွန်းလို့ ပါးစပ်ပေါက်တောင် ကောင်းကောင်းမမြင်ရပါဘူး။ သမီးငယ် ရေလင်းက ကိုယ်ဝန်ဆောင်ချိန် ၂၆ ပတ်မှာ မွေးဖွားလာခဲ့တာပါ။

ကလေးကို သေသေချာချာ ကြည့်တော့မှ ကလေးအသက်မရှူဘူးဆိုတာ သိလိုက်ရလို့ အရမ်းစိတ်ပူသွားပြီး အရေးပေါ်ကျန်းမာရေးအဖွဲ့ကို ဖုန်းဆက်ခဲ့ပါတယ်။ ကလေးငယ် နှလုံးပြန်ခုန်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို အရေးပေါ်ကျန်းမာရေးအဖွဲ့က ဖုန်းထဲကတစ်ဆင့် ပြောပြခဲ့လို့ မိဘ ၂ ပါးက ကလေးရဲ့ရင်ဘတ်ကို လက်မလေးနဲ့ ဖိဖိပေးပြီး ပါးစပ်ကနေ လေမှုတ်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရေးပေါ်ကျန်းမာရေးအဖွဲ့ ရောက်လာပြီး ချက်ကြိုးမဖြတ်ရသေးတဲ့ ကလေးငယ်ကို နှလုံးပြန်ခုန်လာအောင် လုပ်ပေးခဲ့ပါတယ်။

ဆေးရုံရောက်သွားချိန်မှာတော့ မိဘ ၂ ပါးနဲ့ အရေးပေါ်ကျန်းမာရေးအဖွဲ့ရဲ့ လှုပ်ရှားမှုတွေက ကလေးငယ်ကို အသက်ကယ်ပေးနိုင်ခဲ့တာလို့ ဆရာဝန်တွေက ကောက်ချက်ချခဲ့ပါတယ်။ ကလေးငယ် ရေလင်းဟာ Royal Stoke တက္ကသိုလ်ဆေးရုံမှာ ရက် ၁၁၀ ကြာ ကုသမှုခံယူခဲ့ရပြီး စက်တင်ဘာလ ၂၉ ရက်မှာ ဆေးရုံဆင်းခွင့်ရရှိခဲ့ပါတယ်။ ” ဆေးရုံဆင်းခွင့်ရရှိချိန်မှာ အရေးပေါ်ကျန်းမာရေးအဖွဲ့ကို ဆေးရုံအပြင်ဘက်မှာ မြင်လိုက်ရလို့ အံ့သြသွားမိတယ်။ သူတို့လုပ်ပေးခဲ့တာတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ သူတို့ကို ထာဝရအမှတ်ရနေမှာပါ” လို့ မိခင်ဖြစ်သူ ဂရင်းစမစ်က ပြောပါတယ်။

Ref: BBC ” Baby born in lorry cab meets staff who saved her life”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top