တရုတ်နိုင်ငံရဲ့ Sinovac ကာကွယ်ဆေးက ဘေးကင်းတယ်လို့ ဘရာဇီးသုတေသနစင်တာ ဆို

20-10-2020-yyl-003.jpg

တရုတ်နိုင်ငံရဲ့ Sinovac Biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဟာ ဘရာဇီးနိုင်ငံရဲ့ သုတေသနစင်တာမှာ စမ်းသပ်ထိုးနှံခြင်းနောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီး ကနဦးရလဒ်တွေအရ ဘေးကင်းတယ်လို့ ဖော်ပြနေပါတယ်။ နှစ်ကြိမ်ထိုးရတဲ့ Corona Vac ကာကွယ်ဆေးက ဘေးကင်းတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် ဘရာဇီးနိုင်ငံရဲ့ ထိပ်တန်း ဇီဝဆေးပညာသုတေသနစင်တာတစ်ခုဖြစ်တဲ့ Butantan Intitute က စေတနာ့ဝန်ထမ်း (၉၀၀၀) ကို စမ်းသပ်ထိုးနှံခဲ့ပါတယ်။ ဒါကတော့ စမ်းသပ်ထိုးနှံမှုနောက်ဆုံးအဆင့်ဖြစ်ပါတယ်။

ဒါပေမဲ့ စေတနာ့ဝန်ထမ်း (၁၃၀၀၀) လုံးကို စမ်းသပ်ထိုးနှံပြီးမှသာ ကာကွယ်ဆေးရဲ့အာနိသင် ဘယ်လောက်ရှိတယ်ဆိုတဲ့ အချက်အလက်တွေကို ထုတ်ပြန်မယ်လို့ Butantan ရဲ့ ဒါရိုက်တာ ဒီမက်စ် ကိုဗက်စ်က ပြောပါတယ်။ “ဘရာဇီးမှာ စမ်းသပ်ခဲ့တဲ့ ပထမဆုံးရလဒ်က နိုင်ငံမှာ စမ်းသပ်ခဲ့တဲ့ ကုသဆေးအားလုံးထဲမှာ CoronaVac က ဘေးအကင်းဆုံးလို့ သက်သေပြနေပါတယ်”လို့ ဆော်ပေါ်လို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုအာအို ဒိုရီအာက ပြောပါတယ်။

အခုထွက်ပေါ်လာတဲ့ ရလဒ်ဟာ ကနဦးအဆင့်ဖြစ်ပြီး နောက်ထပ်စမ်းသပ်ထိုးနှံမှုတွေမှာ စေတနာ့ဝန်ထမ်းတွေရဲ့ အခြေအနေတွေကို သုတေသီတွေက ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်။ Sinovac ရဲ့ CoronaVac ကာကွယ်ဆေးကို အင်ဒိုနီးရှားနဲ့ တူရကီနိုင်ငံတွေမှာလည်း စမ်းသပ်ထိုးနှံမှုတွေ လုပ်နေပါတယ်။ စေတနာ့ဝန်ထမ်း (၂၀) ရာခိုင်နှုန်းက ဆေးထိုးနှံတာ နည်းနည်းနာကျင်တယ်လို့ဆိုပြီး (၁၅) ရာခိုင်နှုန်းကတော့ ခေါင်းကိုက်တယ်၊ ၅ ရာခိုင်နှုန်းအောက်ကတော့ မအီမသာဖြစ်ပြီး ပင်ပန်းနွမ်းလျတယ်၊ ကြွက်သားနာကျင်တယ်လို့ ဆိုကြပေမဲ့ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ပြင်းထန်တဲ့တုံ့ပြန်ချက်မရှိဘူးလို့ ပြောပါတယ်။

အဲဒီကာကွယ်ဆေးက ရောဂါကူးစက်မှုကို ကာကွယ်ပေးတဲ့ ပဋိဇီဝပစ္စည်း ထုတ်ပေးဖွယ်ရှိတယ်လို့ ဆော်ပေါ်လိုပြည်နယ် ကျန်းမာရေးဝန်ကြီး ဂိုရင်ချက်တီအင်က ပြောပါတယ်။ ၂၀၂၁ ခုနှစ်အစောပိုင်းမှာ ဆော်ပေါ်လိုပြည်နယ်မှာ နေထိုင်သူအားလုံးကို ကာကွယ်ဆေးစတင်ထိုးနိုင်ဖို့အတွက် အခုနှစ်ကုန်ပိုင်းမှာ CoronaVac ကာကွယ်ဆေးကို တရားဝင်အသုံးပြုခွင့် အတည်ပြုချက် ရရှိဖို့ မျှော်လင့်နေပါတယ်။ ဆော်ပေါ်လိုပြည်နယ်ဟာ ဖေဖော်ဝါရီလအကုန်မှာ ဆေးအဖုံသန်း ၆၀ ဝယ်ယူနိုင်ဖို့အတွက် Sinovac နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားပါတယ်။ ဘရာဇီးနိုင်ငံက ဗိုင်းရပ်စ်ကူးစက်ခံရမှု အများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လို့ Sinovac က ဘရာဇီးနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံမှုဆောင်ရွက်ရတာဖြစ်ပါတယ်။

AstraZeneca PLC နဲ့ Oxford University ရဲ့ ကာကွယ်ဆေးကလည်း ဗြိတိန်နိုင်ငံမှာ စမ်းသပ်ထိုးနှံမှုရလဒ်တွေကို ပြန်လည်သုံးသပ်နိုင်မယ့်အဆင့်ရောက်ဖို့ နီးစပ်နေပါပြီ။ Pfzer Inc က အခုလမှာ စမ်းသပ်စစ်ဆေးမှုရဲ့အစောပိုင်းဆန်းစစ်ချက်ကို ပေးနိုင်မယ်လို့ ပြောပါတယ်။ Moderna Inc ကတော့ နိုဝင်ဘာလမှာ ရလဒ်ကို ကြေညာဖွယ်ရှိနေပါတယ်။ ရုရှားနိုင်ငံရဲ့ Gameleya Institute ကတော့ သူတို့ဖော်စပ်ထားတဲ့ ကာကွယ်ဆေးရဲ့ရလဒ်ကို နောက်လကျရင် ထုတ်ပြန်ဖွယ်ရှိပါတယ်။

Ref: Reuters “China’s Sinovac vaccine is safe, Brazil institute says”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top