ချာလီလစ်တယ် ဆိုတဲ့ကလေးလေးကို မတ်လမှာမွေးဖွားခဲ့တုန်းက ခန္ဓာကိုယ်အလေးချိန် ၄ ပေါင် ၁၀ အောင်စသာရှိခဲ့ပြီး ဆေးရုံ (၂) ခုမှာ တစ်လကြာအောင် ကုသမှုခံယူခဲ့ရပါတယ်။ နောက်တော့ မွေးကင်းစကလေးလေး ချာလီဟာ အသက်ရှုရပ်တာတွေဖြစ်ပြီးနောက်မှာ COVID-19 ရောဂါကူးစက်ခံခဲ့ရပါတယ်။ ကလေးလေးကို အရေးပေါ်ကုသဖို့အတွက် လန်ဒန်မြို့ရဲ့ Great Ormond Street Hospital ကို သွားရောက်ပြသခဲ့ရပါတယ်။ အဲဒီဆေးရုံမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ချာလီကို အီဘိုလာရောဂါအတွက် ထုတ်လုပ်ထားတဲ့ Remdesivir ဆေးနဲ့ ကုသပေးခဲ့ကြပါတယ်။
အခုတော့ ချာလီက ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ့မိသားစုနဲ့အတူ အိမ်ကိုတောင်ပြန်ရပါပြီ။ “သားလေး စစ်ပွဲထဲရောက်နေသလိုခံစားရပါတယ်။ သူရောဂါကို တွန်းလှန်ပစ်နိုင်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ သူက ကျွန်မတို့အတွက် အံ့ဖွယ်လေးပါပဲ။ သူ့ကို ထွေးပွေ့ခွင့်ရတာ အရမ်းကောင်းပါတယ်။ ဆေးရုံမှာ mask တပ်ပြီး လဲလျောင်းနေတဲ့သားလေးကို မမြင်ရတာ သည်းခံနိုင်စွမ်းမရှိခဲ့ပါဘူး”လို့ ချာလီရဲ့မိခင် အယ်လာဆဲက ပြောပါတယ်။ အယ်လာကို မတ်လ ၇ ရက်နေ့က ဆီးချိုရောဂါရှိတဲ့အတွက် သကြားဓာတ်ပမာဏထိုးကျသွားတာကြောင့် University College Hospital London မှာ အရေးပေါ်ဆေးရုံတင်လိုက်ရပါတယ်။ အဲဒါကြောင့် ကလေးကို လမစေ့သေးဘဲ စောစောမွေးလိုက်ရပါတယ်။ ပထမတော့ ချာလီကို မွေးပြီးတဲ့နောက်မှာ UCL Hospital ရဲ့မွေးကင်းစကလေးထားရာအခန်းမှာ ထားရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ North Middlesex Hospital ကို ပြောင်းရွေ့ကာ ဆေးရုံတင်ခဲ့ရပါတယ်။
North Middlesex Hospital မှာ ချာလီဆေးရုံတက်နေရင်းနဲ့ နို့လည်း ကောင်းကောင်းမစို့တော့တဲ့အတွက် ဆေးဘက်ဆိုင်ရာအကူတွေကို အမြန်ခေါ်ယူခဲ့ရတယ်လို့ ချာလီရဲ့မိခင်က ဆိုပါတယ်။ “ကလေးက ချောင်းဆိုးတာ၊ ဖျားတာတွေမရှိခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခဲ့ရတယ်လို့ ကျွန်မတို့မထင်ခဲ့မိဘူး”လို့ ပြောပါတယ်။ ကလေးအခြေအနေဆိုးရွားလာတဲ့အတွက် Harlow Hospital မှာ ပြောင်းရွေ့တက်ရောက်ခဲ့ရပါတယ်။ အဲဒီရောက်တော့ Great Ormond Street ကို မရွေ့ခင်မှာ ကလေးကို ဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးရလိမ့်မယ်လို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြောခဲ့တာပါ။ “သူ့ကို ရောဂါပိုးစစ်ဆေးပြီး တစ်နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိတယ်လို့ အဖြေပေါ်ခဲ့ပါတယ်။ သားလေးချာလီကို အသက်ရှုစက်အသေးစားလေးတပ်ပေးထားပါတယ်။ ကျွန်မ သားလေးကို အရမ်းထွေးပွေ့ထားချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မကို ခွင့်မပြုခဲ့ကြပါဘူး”လို့ ချာလီရဲ့မိခင်က ဆိုပါတယ်။
Remdesivir ဆေးက မွေးကင်းစကလေးလေးကို ဗိုင်းရပ်စ်ကျော်လွှားနိုင်ဖို့ ကူညီပေးမယ်လို့ မျှော်လင့်တဲ့အတွက် ဒီဆေးကို အသုံးပြုခဲ့တာဖြစ်တယ်လို့ဆရာဝန်တွေက ပြောပါတယ်။ ချာလီကို အဲဒီဆေးနဲ့ (၁၀) ရက်လောက်ကုသပေးပြီးတဲ့နောက်မှာ ရောဂါပိုးမရှိတော့ဘူးလို့ အဖြေထွက်ရှိလာခဲ့ပါတယ်။ ချာလီရဲ့ဖခင်ကတော့ “ကျွန်တော်တို့သားရဲ့ဘဝကို ကယ်တင်ပေးခဲ့တဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်နေမှာပါ” လို့ ပြောပါတယ်။ Remdesivir ဆေးကို အရွယ်ရောက်ပြီးသူ (၄၆) ဦးမှာသာ အသုံးပြုထားရသေးတယ်လို့ သိရပါတယ်။ လက်ရှိမှာ ဒီဆေးကို အခြေခံလောက်သာ အသုံးပြုလို့ရနိုင်တယ်လို့ Great Ormond Street Hospital က ပြောပါတယ်။
Ref: the Sun “Baby boy born eight weeks early becomes one of UK’s youngest coronavirus survivors after being treated with Ebola drug”
WL (ရိုးရာလေး)