ဘာဘေးဒိုးကျွန်းနိုင်ငံက ဗြိတိန်ဘုရင်မကြီး အဲလိစဘတ် (၂)ကို နိုင်ငံ့ခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားပြီး သမ္မတနိုင်ငံအဖြစ် တရားဝင်ကြေညာလိုက်ပါပြီ။
ဘာဘေးဒိုးနိုင်ငံရဲ့ ၅၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားကို ဝေးလ်မင်းသားနဲ့ ဘာဘေးဒိုးနိုင်ငံသူ အဆိုတော် ရီဟားနားတို့ တက်ရောက်ခဲ့ကြပါတယ်။ ဘာဘေးဒိုးနိုင်ငံမြို့တော် ဘရစ်ချ်တောင်းမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဆန်ဒရာမာဆန်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အသက် ၇၂ နှစ်အရွယ်ရှိတဲ့ ဆန်ဒရာမာဆန်ဟာ ၂၀၁၈ ခုနှစ်ကတည်းက ဘာဘေးဒိုးနိုင်ငံရဲ့ ဘုရင်ခံအဖြစ် ဆောင်ရွက်နေသူပါ။

ဘာဘေးဒိုးနိုင်ငံဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး ကျွန်တွေကုန်ကူးရာမှာ အချက်အချာနေရာအဖြစ် နှစ် ၂၀၀ ကျော် အသုံးချခံခဲ့ရဖူးပါတယ်။ အခုအခါမှာတော့ ရာစုနှစ်ချီ ကြာမြင့်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ လွှမ်းမိုးမှု အဆုံးသတ်သွားပြီဖြစ်ပြီး ဘာဘေးဒိုးနိုင်ငံက သမ္မတနိုင်ငံသစ် ဖြစ်လာခဲ့ပါပြီ။

အခြေခံဥပဒေဆိုင်ရာ အပြောင်းအလဲလုပ်ခဲ့ပေမဲ့ ဘာဘေးဒိုးနဲ့ ဗြိတိန်နိုင်ငံကြား ပုံမှန်ဆက်ဆံရေး ဆက်ရှိနေမှာဖြစ်တယ်လို့ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် အခမ်းအနားတက်ရောက်လာသူ ချားစ်မင်းသားက ပြောပါတယ်။ အဲဒီနောက်မှာ ချားစ်မင်းသားကို ဘာဘေးဒိုးသမ္မတ ဆန်ဒရာမာဆန်က Order of Freedom ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။
Ref: BBC “Barbados becomes a republic and parts ways with the Queen”
Nz (ရိုးရာလေး)