ကမ္ဘာ့ပထမဆုံးသက်ရှိစက်ရုပ်တွေက မျိုးပွားနိုင်စွမ်းရှိ

30-11-2021yyl4.jpg

ဇီနိုဘော့(xenobot)လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး သက်ရှိစက်ရုပ်တွေဟာ အပင်နဲ့ တိရစ္ဆာန်တွေမှာ မမြင်ဖူးတဲ့ပုံစံမျိုးနဲ့ မျိုးပွားနိုင်ပြီလို့ အမေရိကန်သိပ္ပံပညာရှင်တွေက ပြောပါတယ်။

အာဖရိကမျိုးစိတ် ခြေသည်းပါဖား (Xenopus laevis)ရဲ့ ပင်မဆဲလ်ကနေ ဖြစ်တည်လာလို့ xenobot လို့ အမည်ပေးထားတဲ့ သက်ရှိစက်ရုပ်တွေက အလျားတစ်မီလီမီတာထက် သေးငယ်ပါတယ်။ စမ်းသပ်မှုတွေအရ ဇီနိုဘော့တွေက လှုပ်ရှားနိုင်တာ၊ အတူတကွ အလုပ်လုပ်နိုင်တာ၊ ထိခိုက်ပျက်စီးမှုကနေ အလိုအလျောက် ပြန်သက်သာနိုင်တာ တွေ့ရှိခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်မှာ ဇီနိုဘော့တွေကို စတင်မိတ်ဆက်ပြသခဲ့တာပါ။

ဇီနိုဘော့တွေကို ဗားမွန့်တက္ကသိုလ်၊ တက်ဖ်တက္ကသိုလ်၊ ဟားဗတ်တက္ကသိုလ်ရဲ့ ဇီဝအခြေပြု အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ဝက်စ်သိပ္ပံတို့မှာ ဖန်တီးလျက်ရှိပါတယ်။

” လူအများစုက စက်ရုပ်တွေကို သံထည်၊ အပူခံပစ္စည်းတွေနဲ့ပဲ ဖန်တီးတာလို့ ထင်ကြတယ်။ စက်ရုပ်ကို ဘာနဲ့လုပ်တယ်ဆိုတာ သိပ်အရေးမကြီးပါဘူး။ စက်ရုပ်က လူတွေကိုယ်စား သူတို့ဘာသာ ဘာလုပ်နိုင်လဲဆိုတာပဲ အရေးကြီးပါတယ်။ ဒီစက်ရုပ်ကတော့ မျိုးဗီဇပြုပြင်မထားတဲ့ ဖားဆဲလ်ကနေ ဖန်တီးထားတဲ့ သက်ရှိတစ်မျိုးပါ” လို့ ဗားမွန့်တက္ကသိုလ်ရဲ့ ကွန်ပျူတာသိပ္ပံပါမောက္ခနဲ့ စက်ရုပ်တည်ဆောက်ရေး ကျွမ်းကျင်ပညာရှင် ဘွန်ဂတ်က ပြောပါတယ်။

ဇီနိုဘော့တွေဟာ နဂိုက စက်လုံးပုံသဏ္ဍာန်ရှိပေမဲ့ နောက်ပိုင်းမှာတော့ မှတ်ဉာဏ်တု နည်းပညာအကူအညီ ရယူပြီး မျိုးဗီဇပုံတူပွားရာမှာ ပိုထိရောက်စေဖို့အတွက် ခန္ဓာကိုယ်ပုံသဏ္ဍာန်သစ် ရွေးချယ်ခဲ့ကြပါတယ်။ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ ၁၉၈၀ ဗီဒီယိုဂိမ်း Pac-Man နဲ့တူတဲ့ C ပုံသဏ္ဍာန် ရွေးချယ်ပေးခဲ့ကြတာပါ။

၁၉၄၀ ကွန်ပျူတာတွေနဲ့ယှဉ်ရင်တော့ ဇီနိုဘော့တွေက ခေတ်ရှေ့ပြေးတဲ့ နည်းပညာဖြစ်နေပေမဲ့ လက်တွေ့အသုံးပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ မော်လီကျူးဇီဝဗေဒနဲ့ မှတ်ဉာဏ်တုနည်းပညာကို အခုလို ပေါင်းစပ်နိုင်တဲ့အတွက် လူ့ခန္ဓာကိုယ်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းတာဝန်တွေ အများကြီး ဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။ သမုဒ္ဒရာတွေထဲကနေ အလွန်သေးငယ်တဲ့ ပလတ်စတစ်တွေ ကောက်ယူပေးတာ၊ အမြစ်စနစ်တွေကို စစ်ဆေးကြည့်ရှုတာ၊ ထိခိုက်ပျက်စီးတဲ့ ဆဲလ်တွေကို ပြန်ပြင်ပေးတာ စတဲ့ အရာတွေကို လုပ်ဆောင်ပေးနိုင်ဖွယ် ရှိနေပါတယ်။

Ref: CNN “World’s first living robots can now reproduce, scientists say”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top