တရုတ် ကုန်ပစ္စည်း ၂၀၀ ဘီလီယံဖိုးကို အခွန် ၂၅ ရာခိုင်နှုန်း အထိတိုးကောက်ဖို့ စဉ်းစားနေတဲ့ အမေရိကန်

102795817_map-image-two.jpg

အမေရိကန်နိုင်ငံဟာ အခွန်ကောက်ခံမယ်လို့ ပြောဆိုခဲ့တဲ့ အရင်ပမာဏထက် ၁၀ ရာခိုင်နှုန်း ပိုများကာ တရုတ်နိုင်ငံကတင်သွင်းတဲ့ အမေရိကန်ဒေါ်လာ ၂ဝဝဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းတွေကို အခွန်ငွေ ၂၅ ရာခိုင်နှုန်းကောက်ခံဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အခွန်တိုးမြင့်ကောက်ခံမှုဟာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲနဲ့ ပတ်သက်လို့ တင်းမာမှုအရှိန် နောက်ထပ် မြင့်တက်လာစေဖွယ်ရှိနေတယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံဟာ တရုတ်နိုင်ငံက အမေရိကန်နိုင်ငံဆီကိုတင်သွင်းတဲ့ အမေရိကန် ဒေါ်လာ ၂ဝဝဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းတွေထဲကမှ ဘယ်ပစ္စည်းကို အခွန်ကောက်ခံမယ်ဆိုတဲ့အချက်ကို ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့ပြီး စက်တင်ဘာလကစလို့ အခွန်ကောက်ခံဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံက ကောက်ခံမယ့်အခွန်တွေထဲမှာ စားသောက်ကုန်၊ သတ္တု ပစ္စည်း၊ လက်ကိုင်အိတ်လိုမျိုး ကုန်စည်တွေအပါဝင် ကုန်စည် ပစ္စည်း ၆၀၀၀ ပါဝင်တယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ ပစ္စည်းတွေကို အခွန် ၂၅ ရာခိုင်နှုန်း စတင်ကောက်ခံခဲ့ရာမှာ တရုတ်ကလည်း အမေရိကန်ရဲ့ ဒီလိုလုပ်ရပ်အပေါ် လက်တုံပြန်ခဲ့ပြီး ကုန်သွယ်ရေး စစ်ပွဲ စတင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံဆီ တင်ပို့နေတဲ့ တရုတ်ကုန်ပစ္စည်းတွေထဲကနေ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ တန်ဖိုးအထိ ပစ္စည်းတွေကို အခွန်ကောက်ခံသွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီအိုက အာရှတိုက်ဒေသမှ အမေရိကန်ဒေါ်လာ ၁၁၃ သန်း သုံးစွဲမယ့်အစီစဉ်ဟာ ဒေသအတွင်းမှာ တရုတ်နိုင်ငံရဲ့ ဩဇာလွမ်းမိုးမှုကို ထိပ်တိုက်တွေဆုံဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

Ref: US mulls 25% tariff on $200bn of Chinese goods, say reports

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply