တရားဝင်အီတလီနိုင်ငံသားဖြစ်သွားခဲ့တဲ့ ဆီနီဂေါနိုင်ငံဖွား ခါဘီလာမဲ

22-8-2022-yyl-08.jpg

ဆီနီဂေါနိုင်ငံဖွား ဖော်လိုဝါအများဆုံး TikTok ဘုရင် ခါဘီလာမဲ့ဟာ တရားဝင်အီတလီနိုင်ငံသားဖြစ်သွားခဲ့ပါပြီ။ သူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က တျူးရင်းမြို့အပြင်ဘက် ချီဗက်ဆိုမှာ အီတလီနိုင်ငံသားအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တာပါ။

အသက် ၂၂ နှစ်အရွယ် ခါဘီလာမဲဟာ (၁) နှစ်အရွယ်မှာ ဇာတိမြေ ဆီနီဂေါနို်ငငံကနေ အီတလီကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမဲ့ အီတလီနိုင်ငံသားဖြစ်ခွင့်ဥပဒေက တင်းကျပ်တာကြောင့် အခုမှ နိုင်ငံသားဖြစ်ခွင့်ရခဲ့တာပါ။ အီတလီဥပဒေအရ အီတလီလူမျိုးမဟုတ်တဲ့သူတွေ မွေးဖွားတဲ့ ကလေးတွေက အသက် ၁၈ နှစ်ပြည့်မှ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားရပါတယ်။

လာမဲရဲ့နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုကို ဇွန်လကမှ အတည်ပြုပေးခဲ့တာပါ။ သူက TikTok စတားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့လျှောက်ထားမှုက ပုံမှန်လုပ်ထုံးလုပ်နည်းနဲ့ပြီးမြောက်သွားခဲ့ပြီး အထူးသီးသန့်စစ်ဆေးမှုတွေလည်း မခံယူခဲ့ရပါဘူး။

အီတလီနိုင်ငံသားအဖြစ် လာမဲ ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားမှာ သူ့ကို ဘာတွေပြောင်းလဲသွားခဲ့လဲလို့ မေးမြန်းတော့ “အရင်တုန်းကတော့ အဲဒီလိုမဟုတ်ဘူး။ လက်မှတ်မထိုးခင် အီတလီလူမျိုးအဖြစ် မခံစားခဲ့ရဘူး။ အဲဒါကြောင့် နည်းနည်းတော့ ပြောင်းလဲသွားခဲ့တယ်။ ဒါပေမဲ့ အခုတော့ တရားဝင် အီတလီနိုင်ငံသားဖြစ်သွားပါပြီ”လို့ သူက ဆိုပါတယ်။

ခါဘီလာမဲက TikToker မဖြစ်ခင် စက်ရုံတစ်ခုမှာ စက်ရုံအလုပ်သမားအဖြစ် လုပ်ကိုင်နေရင်း ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့တဲ့ အစောပိုင်းကာလမှာ အလုပ်လက်မဲ့ဖြစ်သွားခဲ့တာပါ။ အဲဒီနောက်မှာ TikTok အက်ပလီးကေးရှင်းကို အသုံးပြုခဲ့ပြီး သူ့အသံမပါဘဲ အမူအရာနဲ့ ရယ်မောပျော်ရွှင်စေတဲ့ ဟာသဗီဒီယိုတွေ ဖန်တီးဖြစ်ရင်းနဲ့ ဖော်လိုဝါ ၁၄၈ သန်းပိုင်ဆိုင်တဲ့သူဖြစ်လာခဲ့ပါတယ်။

ဆင်းရဲတဲ့ဘဝကနေ နာမည်ကြီး TikToker တစ်ယောက်ဖြစ်လာတဲ့ လာမဲက သူ့မိသားစုက ဆင်းရဲပေမဲ့ ငယ်စဉ်ကလေးဘဝမှာ ပျော်ရွှင်ခဲ့ရတယ်လို့ သူက ပြောပါတယ်။ သူ့ဘဝပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး သူက “ဒါက အခြားလက်တွေ့ဘဝပါပဲ။ ဒါက လုံးဝကို အခြားကမ္ဘာပါပဲ။ ကျွန်တော် နေသားမကျသေးတဲ့အရာဖြစ်ပေမဲ့ တဖြည်းဖြည်းနဲ့တော့ ကျင့်သားရနေပါပြီ”တဲ့။

Ref: IndiaTimes & ABCNews “Khaby Lame, The World’s Most Followed TikToker, Has Been Granted Italian Citizenship”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top