ချမ်းသာသမျှရဲ့ ၉၉ ရာခိုင်နှုန်းကို အနာဂတ် မျိုးဆက်သစ်တွေအတွက် လှူဒါန်းသွားမယ့် ပရီဆယ်လာချန်

49897374_2289097751308718_1698186234402177024_n.jpg

ပရီဆယ်လာချန် (Priscilla Chan) ဟာ ငယ်စဉ်ကတည်းက သူအလုပ်ဟာ ကလေးတွေကို ကူညီပေးတာတွေနဲ့ပဲ ပြည့်နှက်နေမယ်လို့ ယုံကြည်ပြီးသားပါ။ ဒါပေမဲ့ ဘီလျံနဲ့ချီတဲ့ ပိုက်ဆံတွေသုံးပြီး နောက်မျိုးဆက်တစ်ခုလုံးရဲ့ ကံကြမ္မာအတွက် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ သူ တစ်ခါမှတော့ မထင်ခဲ့ဖူးပါဘူး။

၂၀၁၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး Chan Zuckerberg Initiative (အတိုကောက် CZI) လို့ခေါ်တဲ့ ပရီဆယ်လာ့ကုမ္ပဏီရဲ့ အန္တိမ ရည်မှန်းချက်ကတော့ နောင် မျိုးဆက်ရဲ့ ဘဝတွေအတွက်ပါ။ ဒီလို ဖြစ်လာဖို့ကို CZI ကုမ္ပဏီ တစ်ခုတည်းနဲ့ ကြိုးပမ်းရုံတင်မကပဲ သိပ္ပံပညာရှင်တွေနဲ့ သုတေသန ပညာရှင်တွေဆီမှာ ရင်းနှီးမြုပ်နှံခြင်း၊ အဲဒီပညာရှင်တွေအတွက် နည်းပညာကိရိယာတွေ ဖန်တီးပေးခြင်း အစရှိတဲ့ နည်းလမ်းတွေနဲ့လည်း သူတို့ရောက်လိုတဲ့ ပန်းတိုင်ကို သွားမယ် လို့ “Boss flies”ဆိုတဲ့ တီဗွီ အစီအစဉ်တစ်ခုရဲ့ အင်တာဗျုးမှာ ပြောကြားခဲ့ပါတယ်။

ချန်နဲ့ ခင်ပွန်းဖြစ်သူ မတ်ခ်ဇူကာဘတ်တို့ဟာ သူတို့ ချမ်းသာကြွယ်ဝမှုအားလုံးရဲ့  ၉၉ရာခိုင်နှုန်းကို ဒီအဖွဲ့အစည်းထဲကို ရင်းနှီးမြုပ်နှံထားတာပါ။ CZI က Facebook ထဲမှာ ရင်းနှီးမြုပ်နှံထားတဲ့အတွက် လက်ရှိ Facebook ရဲ့ ရှယ်ယာပေါက်ဈေးနဲ့ တွက်မယ်ဆိုရင် ၆၁ ဘီလီယံရှိတဲ့ ငွေကြေးပမာဏကို CZI အတွက် လှူဒါန်းထားတယ်လို့ ပြောလို့ရပါတယ်။

CZI အဖွဲ့ဟာ ကျန်းမာရေးအတွက်တင် မကဘဲ ဆရာ၊ ဆရာမတွေအတွက် ကလေးတွေကို သင်ကြားရာမှာ တစ်ဦးချင်း လိုအပ်ချက်အလိုက် သင်ကြားပေးနိုင်အောင် အထောက်အကူပြုတဲ့ ဆော့ဖ်ဝဲတွေ ဖန်တီးပေးခဲ့သလို ချို့တဲ့တဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် မျက်စိအခမဲ့ စစ်ဆေးပေးတဲ့ အဖွဲ့ကိုလည်း ရန်ပုံငွေ ထောက်ပံ့ခဲ့ပါသေးတယ်။

ဒါ့အပြင် CZI ဟာ မှုခင်းလျှော့ချမှုအတွက် အရေးကြီးတဲ့ ဥပဒေတွေကို ချမှတ်ရာမှာ တွန်းအားပေးတာ၊ မလိုအပ်ပဲ ထောင်ဒဏ် နှစ်ရှည်ချခြင်းကို ဆန့်ကျင်တဲ့ အဖွဲ့ကို အားပေးတာနဲ့ ရွှေ့ပြောင်း အခြေချသူတွေအတွက် ပြန်လည်ပြုပြင် ထူထောင်ပေးတာတွေကိုလည်း လုပ်ဆောင်နေပါတယ်။

ချန်ရဲ့ပြောကြားချက်အရ သူတို့ကုမ္ပဏီရဲ့ နည်းပညာကို သူတို့ပဲ တီထွင်ပြီးတော့ တခြား အမြတ်အစွန်းအတွက် လုပ်ကိုင်တဲ့ ကုမ္ပဏီတွေမှာလည်း ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတဟောင်း အိုဘားမားရဲ့ အကြံပေးနဲ့ ကမ်ပိန်း မန်နေဂျာဖြစ်ခဲ့ဖူးသူ ဒေးဗစ် ပလို့(ဖ်) (David Plouffe) က CZI ရဲ့ စည်းမျဉ်းတွေနဲ့ (ဥပဒေ) ထောက်ခံမှုအဖွဲ့ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း CZI ဟာ ဘယ်နိုင်ငံရေး အဖွဲ့အစည်းကိုမှ ထောက်ခံတာ မဟုတ်ဘဲ နောင်လည်း ထောက်ခံသွားဖို့ အစီအစဉ် မရှိကြောင်း ချန်က ပြောကြားခဲ့ပါတယ်။

CZI အဖွဲ့အစည်းအတွက် လင်မယားနှစ်ယောက်စလုံး တာဝန်ရှိတာဖြစ်ပေမဲ့ မတ်ဟာ သောကြာနေ့တွေတိုင်းမှာ CZI ရုံးကို လာလေ့ရှိပြီး ချန်ကတော့ နေ့တိုင်းလာတာ ဖြစ်ပါတယ်။ အခုဆိုရင် ချန်ဟာ သူတို့ အဖွဲ့အစည်းအကြောင်းကို လူသိများလာစေဖို့အတွက် လူတွေဆီက အာရုံစိုက်မှုရအောင် စပြီးလုပ်ဆောင်နေပါပြီ။

“လူတွေ သတိမထားမိပေမဲ့ သူက လူတွေကို အရမ်းဂရုစိုက်တတ်သူ တစ်ယောက်ပါ” လို့ ချန်အကြောင်းကို ခင်ပွန်းဖြစ်သူ မတ်ဇူကာဘတ်က ပြောပြခဲ့ပါတယ်။
ဗီယက်နမ် ဒုက္ခသည်အနေနဲ့ အမေရိကန်နိုင်ငံကို ရောက်လာခဲ့ပြီး ဘော်စတွန် (Boston) မြို့ရဲ့ အပြင်ဘက်က ဝင်ငွေနည်းပါးတဲ့မိသားစုမှာ ကြီးပြင်းလာရတဲ့ချန်ဟာ ဆရာကောင်းတွေနဲ့ တွေ့ခဲ့ပြီး မိသားစုရဲ့ ပံ့ပိုးပေးမှုကြောင့် ဟားဗတ်ဒ်တက္ကသိုလ်ရဲ့ ၁၀၀% ပညာသင်ဆုကို ရရှိခဲ့ပါတယ်။

“ကျွန်မအတွက် ဟားဗတ်ဒ်ဟာ အရမ်းခက်ခဲခဲ့ပါတယ်။ ကျောင်းမှာရှိနေတဲ့အချိန်တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ရှုံးနိမ့်သူလို ခံစားရပါတယ်။ ဒီနေရာဟာ ကျွန်မနဲ့ မထိုက်တန်ဘူးလို ပေါ့။ ကျွန်မမှာ တစ်ဘဝလုံး အားသာခဲ့တာဆိုလို့ တော်တာပဲ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ တော်တယ်လို့ မခံစားရတော့ဘူး။ ကျွန်မ ဟားဗတ်ဒ်က ပြောင်းဖို့ စာရွက်စာတမ်းတွေတောင် ပြင်ဆင်ခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေတဲ့ ကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်“

ကျောင်းရဲ့ ပရိုဂရမ်တစ်ခုဖြစ်တဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေကို ကူညီပေးတဲ့ ပရောဂျက်တစ်ခုမှာ စေတနာ့ဝန်ထမ်းလုပ်နေခဲ့တဲ့ ချန်ဟာ တစ်နေ့မှာ သူတာဝန်ယူနေတဲ့ ပရောဂျက်က ကလေးမလေးတစ်ယောက် မလာတာ ၁ ပတ်ရှိပြီဆိုတာကို သတိထားမိခဲ့ပါတယ်။ သူလိုက်ရှာတဲ့အခါမှာ အနီးအနားက ကစားကွင်းတစ်ခုမှာ သွားနှစ်ချောင်း ကျိုးနေတဲ့ ကလေးမလေးကို တွေ့ခဲ့ပါတယ်။

“ကျွန်မ အရမ်းစိတ်မကောင်းဖြစ်သွားတယ်။ ဘာဖြစ်သွားတာလဲ။ ငါဘာတွေ မှားသွားလဲ။ ဒီလိုမဖြစ်အောင် ဘာလို့ မကာကွယ်နိုင်ခဲ့လဲပေါ့။ ကျွန်မ အဲဒီအချိန်မှာ တွေးလိုက်တာက ငါဟာ မလုံလောက်သေးဘူး။ ငါ့မှာ ကျွမ်းကျင်မှုတွေ ပိုလိုအပ်တယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ ပါဝါပိုလိုအပ်တယ်လို့ပေါ့။ ဆိုတော့ အသက်၂၀ ရှိပြီး ဟားဗတ်ဒ်ကျောင်းနေတဲ့ ကျွန်မ စဉ်းစားလိုက်မိတာက ဆေးကျောင်းတက်ဖို့ပေါ့ရှင်” လို့ချန်က ပြောပြခဲ့ပါတယ်။ ဟားဗတ်ဒ်က ကျောင်းပြီးတဲ့အခါမှာ လေးတန်းနဲ့ ငါးတန်းကလေးတွေအတွက် သိပ္ပံပညာကို တစ်နှစ်သင်ပေးအပြီး ကလေးအထူးကု သမားတော်ဖြစ်ဖို့ ဆေးကျောင်း ဆက်တက်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ “THE PRIMARY SCHOOL” အမည်ရှိတဲ့ ပုဂ္ဂလိကပိုင် အမြတ်မရှာတဲ့ ကျောင်းတစ်ခုကို ချန်က ဖွင့်လှစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီကျောင်းမှာ ကျောင်းသူ ကျောင်းသားပေါင်း ၂၅၀ဦး ပညာသင်ကြားနေကြပါတယ်။ ဒီကျောင်းပရောဂျက်မှာ သူ့ရဲ့ အပြင်းပြဆုံးဆန္ဒတွေဖြစ်တဲ့ ကျန်းမာရေးနဲ့ ပညာရေး ပူးပေါင်း ပါဝင်ထားပါတယ်။ ဒီကျောင်းမှာ တက်ရောက်တဲ့ ကလေးငယ်တွေဟာ ပညာသင်ရတဲ့ အခွင့်အရေးအပြင်ကို စိတ်ကျန်းမာရေးအတွက်ရော ကိုယ်ကျန်းမာရေးအတွက်ပါ ပြုစုစောင့်ရှောက်မှုတွေ ရကြပါတယ်။

သူတို့ရဲ့ သမီးလေး မတ်စ် (Max) အတွက် ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး ဖြစ်စေချင်တဲ့ ဆန္ဒကြောင့် သူလေးမွေးဖွားတဲ့နေမှာပဲ CZI ကို စတင် တည်ထောင်ပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အဲဒီစာထဲမှာတော့ “သမီးလေးကို ချစ်တဲ့စိတ်တစ်ခုထဲကြောင့် ကျွန်မတို့ ဒီအဖွဲ့အစည်းကို ထောင်ခဲ့တာ မဟုတ်ပါဘူး။ နောင်လာမယ့် မျိုးဆက်သစ် ကလေးတွေ အားလုံးအတွက် တာဝန်ရှိတယ်လို့ ကျွန်မတို့ ခံယူထားလို့ပါ” လို့ ပြောကြားထားခဲ့ပါတယ်။

CZI အဖွဲ့အစည်းဟာ Facebook က လုပ်နေတာတွေကို ဖာထေးမိစေဖို့အတွက် လူမြင်ကောင်းအောင်ပဲ တည်ထောင်ထားတာလို့ အမနာပ ပြောသူတွေ ရှိနေပေမဲ့လည်း ချန်ကတော့ “ကျွန်မ ဒီလို ပရောဂျက်မျိုး လုပ်ချင်ခဲ့တာက မတ်ဇူကာဘတ်ကို မတွေ့ခင်၊ Facebook ကို စ မတည်ထောင်ခင်ကတည်းကပါ။ CZI နဲ့ လူတွေကို ကူညီနိုင်တဲ့ အခွင့်အရေးက အရမ်းများတယ်လို့ ကျွန်မထင်တယ်။ ပညာရေးအရရော ကျန်းမာရေးအရရောပေါ့”။

ချန်ဟာ အခု လောလောဆယ်မှာတော့ သူလိုချင်တဲ့ ပန်းတိုင်ကိုရောက်ဖို့ ခရီးဝေးနေသေးပေမဲ့လည်း မဆုတ်မနစ်တဲ့ ဇွဲနဲ့ ကြိုးစားသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အခုလို မွန်မြတ်တဲ့စိတ်ထားနဲ့ တစ်ကမ္ဘာလုံး အကျိုးအတွက် ရည်မှန်းပြီးကြိုးစားနေတဲ့ ချန်ရဲ့စိတ်ထားက အတုယူစရာပါ။

ရိုးရာလေး ပရိသတ်တွေကကော သူလုပ်နေတဲ့ အစီအစဉ်က အောင်မြင်လာနိုင်မယ်လို့ ထင်မိပါသလား။

Ref: CNN Business “Priscilla Chan’s $61 billion mission to help the next genetation”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top