ဂိမ်းဆော့ရင်းနဲ့ ဒေါ်လာ ၁၀သန်း ရှာနိုင်ခဲ့သူ

49508007_384028602353886_2373660031716425728_n.jpg

အီးစပေါ့ဂိမ်းလောကမှာ ကမ္ဘာ့ နာမည်အကြီးဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၂၇ နှစ်အရွယ် တိုင်လာဘလဲဗင် (Tyler Blevins) ခေါ်  Ninja ဟာ၂၀၁၈ ခုနှစ်အတွင်းမှာ ဂိမ်းကစားပြီး ဒေါ်လာ ၁၀ သန်းနီးပါးအထိ သူ့အိတ်ကပ်ထဲရောက်လာအောင် လုပ်နိုင်ခဲ့ပါတယ်။ Ninja ရဲ့ဘဝမှာ အအောင်မြင်ဆုံးနှစ် တစ်နှစ်ဖြစ်ခဲ့သလို အွန်လိုင်းဂိမ်းကစားပြီး လူငယ် မီလျံနာ တစ်ယောက်အဖြစ် ရပ်တည်လာနိုင်စေတဲ့ ၂၀၁၈ ခုနှစ်ဟာ အတော်လေး ထူးခြားခဲ့ပါတယ်။

Fortnite အွန်လိုင်းဂိမ်းမှာ အနီရောင်ဆံပင်နဲ့ တွဲမြင်ရလေ့ရှိတဲ့ Ninja ဟာ သူ့ရဲ့ ထူးချွန်တဲ့ ဂိမ်းကစားမှု စွမ်းရည်၊ လူများအကြား ရေပန်းစားမှုနဲ့ သူ့အပေါ် လူကြိုက်များမှုနေတွကြောင့်ပဲ Fornite ဂိမ်းကို ထုတ်လုပ်တဲ့ Epic Games ဂိမ်းကုမ္ပဏီဟာ ၂၀၁၈ မှာ ဒေါ်လာ ၃ ဘီလျံ မြတ်စွန်းသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက Ninja ရဲ့ ဂိမ်းပွဲစဉ်ကို တစ်ပြိုင်တည်း Live Streaming ကြည့်ရှုသူဦးရေဟာ ၆၂၈,၀၀၀ အထိ ရှိခဲ့ပြီး ဒါဟာ စံချိန်တင် မှတ်တမ်းဖြစ်ခဲ့ပါတယ်။ Ninja ရဲ့ ဗီဒီယိုတွေကို အကြိမ်ပေါင်း သန်းနဲ့ချီ ကြည့်ရှုကြတဲ့ You Tube ပေါ်က Subscriber အရေအတွက်ဟာ သန်း ၂၀ ကျော် ရှိပြီး Twitch မှာတော့ ၁၂ သန်းကျော် ရှိနေတာလည်း ဖြစ်ပါတယ်။

Ninja ဟာ သူ့ဝင်ငွေအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းအထိကို You Tube နဲ့ Twitch တို့လို အွန်လိုင်း ဗီဒီယို ဝန်ဆောင်မှုတွေရဲ့ ကြော်ငြာစနစ်က တစ်ဆင့် ရရှိနေတာပါ။ ဆမ်ဆောင်း၊ အူဘာ၊ ရက်ဘူးလ် တို့လို ကုမ္ပဏီတွေဆီကလည်း စပွန်ဆာ ဝင်ငွေအနေနဲ့ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ရရှိနေပါသေးတယ်။

Ninja ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကမ္ဘာကျော် ESPN မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်အနေနဲ့ ပါဝင်ခဲ့ပြီး ကမ္ဘာ့အီးစပေါ့ ဂိမ်းလောက အသိုင်းအဝိုင်းမှာ သူနဲ့ထပ်တူ အပြိုင်းအရိုင်း ပေါ်ပေါက်လာနေတဲ့ လူငယ်တွေဟာ အားကစားသမားတွေလို့ ဆိုနိုင်လားလို့ မေးလာတဲ့ မေးခွန်းကိုတော့ “ကိုယ့်ကိုယ်ကိုယ်တော့ ကော်ဖီဆိုင်လေး တစ်ဆိုင်လိုပဲ မြင်ပါတယ်။ ကိုယ့်ဆိုင်ပိတ်ထားရင် လူတွေ နောက်တစ်ဆိုင်မှာ သွားသောက်ကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်က အချိန်ပြည့် အွန်လိုင်းပေါ်မှာ ရှိနေရပါတယ်” လို့သာ Ninja က ဖြေကြားသွားခဲ့ပါတယ်။

Ninja ဟာ Fortnite ဂိမ်းမှာတင် တစ်ရက်ကို ၁၂ နာရီနဲ့ ၂၀၁၈ တစ်နှစ်ပတ်လုံးမှာ နာရီပေါင်း ၄ထောင်အထိ ပရိုတစ်ယောက်အနေနဲ့ ဆော့ကစားပေးခဲ့ရပါတယ်။ Ninja အွန်လိုင်းမှာ မရှိတာနဲ့ နင်ဂျာရဲ့ မန်နေဂျာလည်းဖြစ်သလို ဇနီးလည်းဖြစ်တဲ့ ဂျက်စီကာ (Jessica) ကတော့ Subscriber တွေ ဘယ်လောက်လျော့သွားသလဲ၊ ဝင်ငွေ ဘယ်လောက်ကျဆင်းသွားသလဲ ဆိုတာ ရေတွက်နေရပြီ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ တစ်ယောက်နဲ့တစ်ယောက် ကြိုးစား အချိန်ပေးကြပေမဲ့ သူတို့ ခရီးအတူတူ ထွက်ဖြစ်ခဲ့တာဟာ လွန်ခဲ့တဲ့ ၈ နှစ်လောက်က ပျားရည်ဆမ်းခရီး ဖြစ်နေခဲ့ပြီး အဲဒီအချိန်ကတည်းက ပရိုဂိမ်း ပွဲစဉ်တွေကြောင့် အပြည့်အဝ ပျော်ရွှင်ခွင့်မရဘဲ အချိန်အနည်းငယ်သာ မျှဝေနိုင်ခဲ့ပါတယ်။ ဘဝရဲ့ အအောင်မြင်ဆုံး ၂၀၁၈ ခုနှစ်ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ကမ္ဘာ့နာမည်ကြီး ဂိမ်းသမားတစ်ယောက်အတွက်တော့ ဒီ အချိန်ကာလ တစ်လျှောက်လုံးဟာ ကွန်ပျူတာရှေ့မှာ အချိန်ပြည့်နီးပါး ထိုင်နေခဲ့ရတဲ့နေ့ရက်တွေလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

Ref: CNN ” ‘Ninja,’ the Fortnite streamer who’s one of video gaming’s biggest star”

AI (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top