သက်ကြီးရွယ်အိုတွေကို တက်တက်ကြွကြွ ဖြစ်စေအောင် အထောက်အကူပြုပေးမယ့် အာဟာရများ

foodlarge-1.jpg

အသက်ကြီးလာတာနဲ့အမျှ လုံလောက်တဲ့အာဟာရရရှိမှုက စိန်ခေါ်မှုတစ်ရပ်ဖြစ်လို့လာပါတယ်။

အသက်အရွယ်ရ လာမှုနဲ့အတူ ခန္ဓာကိုယ်ရဲ့ကယ်လိုရီပမာဏကစတင်ကျဆင်းလာပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က အရေးပါတဲ့အာဟာရဓာတ်တွေကိုစုပ်ယူနိုင်စွမ်းလျော့ကျသွားပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့အခါ တက်တက်ကြွကြွရှိနေစေဖို့အတွက် အောက်မှာဖော်ပြထားတဲ့အာဟာရဓာတ် တွေကိုသင့်တင့်မျှတစွာစားသုံးပေးစေလိုပါတယ်။

ဗီတာမင် B 12 – B 12 က သွေးနီဥဆဲလ်တွေနဲ့ ဒီအန်အေတွေဖြစ်တည်မှုအတွက်အရေးပါသလို ကျန်းမာတဲ့ အာရုံကြောလုပ်ဆောင်မှုတွေကိုထိန်းသိမ်းရာမှာလည်းအရေးပါပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့သူတွေ အတွက် ဗီတာမင် ဘီတွဲ အလုံအလောက်ရရှိနိုင်ဖို့ဆိုတာကမလွယ်ကူလှပါဘူး။ သက်ကြီးရွယ်အိုတွေရဲ့ ခန္ဓာကိုယ်က လူငယ်တွေလိုမျိုး အစားအသောက်တွေကနေ အာဟာရဓာတ်တွေကိုမစုပ်ယူနိုင်တော့ပါဘူး။

Folate (ဖောလစ်အက်ဆစ်) – ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် ဘီ တစ်မျိုးဖြစ်တဲ့ ဖောလစ်အက်ဆစ် ရရှိမှုနည်းပါးလွန်းတဲ့ သွေးအားနည်းရောဂါခံစားရနိုင်သလို ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာလည်း ဖောလစ်အက်ဆစ်အားနည်းတဲ့အခါ မွေးလာတဲ့ကလေးငယ်မှာ အာရုံကြောပြွန်ချို့ယွင်းချက်ရှိတာ (neural tube defect NTD) ရောဂါကိုခံစားရနိုင်ပါတယ်။

ကယ်လ်ဆီယမ် – ကယ်လ်ဆီယမ်ကခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့အရိုးတွေကြံ့ခိုင်မှုကိုထိန်းသိမ်းဖို့အတွက်အရမ်းကိုအရေး ပါလှပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ နေ့စဉ်စားသုံးတဲ့အစားအသောက်ထဲမှာ ကယ်လ်ဆီယမ်ဓာတ် ပါဝင်အောင်စားသုံးမှုနည်းပါးလာပါတယ်။ ကယ်ဆီယမ်ကခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ဓာတ်တစ်မျိုးဖြစ်ပြီး ကယ်ဆီယမ်ဓာတ်ကိုအလုံအလောက်မရရှိဘူးဆိုရင် အရိုးတွေကြံ့ခိုင်မှုကျဆင်းလာမှာဖြစ်ပါတယ်။

ဗီတာမင် ဒီ – ဗီတာမင် ဒီက ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကိုစုပ်ယူနိုင်အောင်အထောက်အပံ့ပေးခြင်းဖြင့် အရိုး သိပ်သည်းမှုကို ထိန်းသိမ်းပေးသလိုအရိုးအဆစ်ရောင်ရမ်းနာမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဗီတာမင် ဒီက ကင်ဆာ၊အမျိုးအစား-၂ ဆီးချိုရောဂါ၊လေးဖက်နာရောဂါ ၊multiple sclerosis ဝေဒနာ နဲ့ခုခံအားကမောက်ကမ ဖြစ်တဲ့ရောဂါတွေအပါအဝင် နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

ပိုတက်ဆီယမ် – နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ပိုတက်ဆီယမ်လုံလောက်စွာရရှိမယ်ဆိုရင် အရိုးတွေကြံ့ခိုင်သန်စွမ်းအောင်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ပိုတက်ဆီယမ်က ဆဲလ်တွေရဲ့ လုပ်ငန်းစဉ် တွေလုပ်ဆောင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုးဖြစ်သလို သွေးတိုးတာနဲ့ကျောက်ကပ်မှာ ကျောက်တည်တာတွေကိုလျော့ကျအောင်လည်းအထာက်အကူပြုပါတယ်။

မဂ္ဂနီဆီယမ် – မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ရဲ့ဇီဝကမ္မလုပ်ငန်းစဉ် ၃၀၀ မှာအရေးပါတဲ့အခန်းကဏ္ဍတွေကနေပါဝင် နေပါတယ်။ မဂ္ဂနီဆီယမ်အလုံအလောက်ရရှိမယ်ဆိုပါက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး နှလုံးကိုကျန်းမာ စေသလို အရိုးတွေကိုလည်းကြံ့ခိုင်စေပါတယ်။

အမျှင်ဓာတ် – အမျှင်ဓာတ်က အစာချေလမ်းကြောင်းတလျှောက်က အစာတွေကိုဖယ်ရှားပေးခြင်းဖြင့် အစာခြေဖျက်ခြင်းကိုတိုးတက်အောင်အထောက်အပံ့ပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအသောက်တွေက နှလုံးကိုကာကွယ်ပေးနိုင်သလို အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်းရရှိစေပါတယ်။

အိုမီဂါသရီး ဖက်တီးအက်ဆစ်– အိုမီဂါ သရီးဖက်တီးအက်ဆစ်က အသက်အရွယ်ကြီးရင့်လာတာကြောင့် မြင်နိုင်စွမ်းလျော့ကျလာတဲ့ရောဂါတစ်မျိုးဖြစ်တဲ့ age-related macular degeneration (AMD) ဖြစ်ပေါ်မှု ဖြစ်စဉ်ကိုနှေးကွေးစေသလို လေးဖက်နာဖြစ်နိုင်တဲ့အလားအလာတွေကိုလည်းလျှော့ချပေးတဲ့အပြင် အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေကိုလည်းကျဆင်းစေပြီး အသက်ကြီးရင့်လာတဲ့အခါမှတ်ဥာဏ်ကောင်းမွန်အောင် လည်းအထောက်အကူပြုပါတယ်။

ရေဓာတ် – ရေကခန္ဓာကိုယ်အတွက်မရှိဖြစ်လိုအပ်တဲ့ဗီတာမင်မဟုတ်သလို သတ္တုဓာတ်လည်းမဟုတ်ဘူး ဆိုပေမယ့် ကျန်းမာရေးကောင်းမွန်ဖို့အတွက်အရေးပါလှပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ရေဆာမှုနှုန်းကကျဆင်းလာပါတယ်။ နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ အမျှင်ဓာတ်တွေပါဝင်မှု များလေလေရေကပိုပြီးအရေးပါလာလေလေပဲဖြစ်ပါတယ်။

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top