မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာ

23-5-2022-yyl-01.jpg

မျောက်ကျောက်ရောဂါက မျောက်ကျောက်ဗိုင်းရပ်စ်ကနေ ဖြစ်ပေါ်လာတာဖြစ်ပြီး ဗဟိုအာဖရိကနဲ့ အနောက်အာဖရိကတွေမှာ အဖြစ်များလေ့ရှိခဲ့တာပါ။ အခုဆိုရင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံနေရပြီး ကူးစက်ခံရသူ ၉၂ ဉီး နဲ့ သံသယရှိလူနာ (၂၈) ဉီးရှိပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ နိုင်ငံပေါင်း ၁၂ နိုင်ငံကတော့ ဩစတြေးလျ၊ ဘယ်ဂျီယံ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ ဗြိတိန်၊ အမေရိကန်တို့ဖြစ်ပါတယ်။

မေလ ၇ ရက်နေ့က မျောက်ကျောက်ရောဂါကူးစက်ခံရတဲ့ ပထမဆုံးအတည်ပြုလူနာကို WHO က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပထမဆုံးအတည်ပြုလူနာဟာ ဗြိတိန်က ဖြစ်ပြီး နိုင်ဂျီးရီးယားကို အလည်သွားခဲ့သူပါ။ အဲဒီလူနာက ဧပြီ ၂၉ ရက်နေ့မှာ အဖုအပိမ့်အနီကွက်တွေ ထလာခဲ့ပြီး မေလ ၄ ရက်နေ့မှာ ဗြိတိန်ကို ပြန်ရောက်လာခဲ့ပါတယ်။ မျောက်ကျောက်ရောဂါလို့ သံသယရှိတဲ့အတွက် သူ့ကို ချက်ခြင်း သီးခြားနေထိုင်စေခဲ့ပါတယ်။

မျောက်ကျောက်ရောဂါက လိင်ကတဆင့် ကူးစက်နိုင်ခြင်းရှိမရှိ အတည်မပြုနိုင်သေးပေမဲ့ ရောဂါကူးစက်မှုအတွက် ကုသမှုခံယူနေတဲ့ လူနာအားလုံးက လိင်တူချင်းကြိုက်သူ၊ လိင်တူလိင်ကွဲနှစ်မျိုးလုံးကို စိတ်ဝင်စားသူ (ဒါမှမဟုတ်) အခြားအမျိုးသားတွေနဲ့ အတူနေခဲ့ဖူးသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေးဆိုင်ရာလုံခြုံရေးအေဂျင်စီ (UKHSA) က ကောက်ချက်ချထားပါတယ်။

ဘယ်လိုကူးစက်ပျံ့နှံ့လဲ

ဗြိတိန်ရဲ့အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအစိုးရအေဂျင်ရဲ့ထုတ်ပြန်ချက်အရ မျောက်ကျောက်ရောဂါက ရောဂါရှိသူအသုံးပြုတဲ့ အဝတ်အစား၊ အိပ်ယာ (သို့) မျက်နှာသုတ်ပုဝါတွေကို ထိတွေ့တာကနေတဆင့် ကူးစက်နိုင်ပါတယ်။ မျောက်ကျောက်ရောဂါရှိသူရဲ့အရည်ကြည်ဖုတွေ (ဒါမှမဟုတ်) အနာဖေးတွေကို ထိတွေ့တာကနေလည်း ကူးစက်ပျံ့နှံ့နိုင်ပါတယ်။ ရောဂါရှိသူ ချောင်းဆိုး၊ နှာချေရင်လည်း သူ့အနီးနားက လူတွေကို ဗိုင်းရပ်စ်ကူးစက်စေနိုင်ပါတယ်။

မျောက်ကျောက်ကူးစက်မှုပုံစံမှာ “ဆင့်ပွား (သို့) လူတစ်ယောက်ကနေ တစ်ယောက်ကူးစက်တာက အကန့်အသတ်ရှိတယ်။ ရောဂါပိုးက ရောဂါရှိသူရဲ့အသက်ရှုလမ်းကြောင်းကထွက်တဲ့အရည်တွေ၊ အရည်ကြည်ဖုတွေ (ဒါမှမဟုတ်)ညစ်ပတ်မသန့်ရှင်းတဲ့အရာဝတ္ထုတွေကို အနီးကပ်ထိတွေ့တာကနေ ဖြစ်ပေါ်လာနိုင်ပါတယ် “လို့ WHO က ပြောပါတယ်။

ကူးစက်ခံရရင် ဘာတွေဖြစ်လာမလဲ

မျောက်ကျောက်ရောဂါရဲ့ကနဉီးလက္ခဏာရပ်ကတော့ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ၊ ခါးနာတာ၊ သွေးဖြူဉအဖုတွေရောင်ရမ်းတာ၊ ချမ်းတုန်တာနဲ့ ပင်ပန်းနွမ်းနယ်တာတွေပါ။ ခန္ဓာကိုယ်ပေါ်မှာ ပုံမှန်မဟုတ်တဲ့ အဖုအပိမ့်အနီကွက် (ဒါမှမဟုတ်) အနာတွေကို တွေ့ရင် သတိထားဖို့ အကြံပြုထားပါတယ်။ အဖုအပိမ့်တွေက မျက်နှာမှာ စပေါ်ပြီး အဲဒီနောက် ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားနိုင်ပါတယ်။ အဖုအပိမ့်တွေ ပထမဆုံးပေါ်လာတဲ့အခါ ရေကျောက်နဲ့ ဆင်တူနိုင်တယ်လို့ သိရပါတယ်။

ရောဂါကူးစက်မှုနဲ့ ပြန်ကောင်းလာမယ့် အချိန်ကာလ

မျောက်ကျောက်ရောဂါဖြစ်တဲ့ ကာလ (ရောဂါပိုးကူးစက်မှုကနေ ရောဂါလက္ခဏာပေါ်တဲ့အထိ အချိန်) က အများအားဖြင့် ၇-၁၄ ရက်ဖြစ်ပေမဲ့ ၅-၂၁ ရက်အထိ ကြာနိုင်ပါတယ်။ အဖျားပေါ်လာပြီး ၁ ရက်ကနေ ၃ ရက်အတွင်း လူနာက အဖုတွေပေါက်လာပါတယ်။ ဖျားနာမှုက မပြင်းထန်ပါဘူး။ လူအများစုက ၄ ပတ်အတွင်း ပြန်လည်သက်သာလာပါတယ်။ ဒါပေမဲ့ ကူးစက်ခံရသူတွေက အခြားသူတွေကို မကူးစက်စေဖို့အတွက် အထူးကုဆေးရုံတွေမှာ နေထိုင်ပေးဖို့ လိုအပ်ပါတယ်။

ကာကွယ်လို့ရနိုင်လား

မျောက်ကျောက်ဗိုင်းရပ်စ်ကူးစက်ရောဂါကို ကာကွယ်ဖို့ နည်းလမ်းများစွာရှိပါတယ်။ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟိုဌာန (CDC) က ဗိုင်းရပ်စ်ပိုးခိုအောင်းနိုင်တဲ့ တိရစ္ဆာန်တွေ (မျောက်ကျောက်ရောဂါဖြစ်ပွားတဲ့နေရာတွေမှာ သေဆုံးနေတဲ့ တိရစ္ဆာန် (သို့) ဖျားနာနေတဲ့ တိရစ္ဆာန်တွေအပါအဝင်) နဲ့ ထိတွေ့တာကို ရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။ ဖျားနာနေတဲ့ တိရစ္ဆာန်ထိတွေ့ထားတဲ့ အိပ်ယာလို ပစ္စည်းတွေနဲ့ ထိတွေ့တာကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

ကူးစက်ခံထားရတဲ့လူနာတွေက အခြားသူတွေ ရောဂါကူးစက်နိုင်ခြေနည်းဖို့အတွက် သီးခြားခွဲနေသင့်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန် (သို့) လူတွေနဲ့ ထိတွေ့ပြီးတဲ့နောက် လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ ဆေးကြောတာ၊ အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည်သုံးတာလို လက် သန့်ရှင်းရေးလုပ်တဲ့အလေ့အထကို မွေးမြူဖို့ CDC က အကြံပြုထားပါတယ်။

Ref: TOI “Monkeypox Virus”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top