မိုက်ပွမ်ပီယိုအပါအဝင် ဒေါ်နယ်ထရမ့်လက်ထက် အရာရှိဟောင်း ၂၈ ယောက်ကို တရုတ်နိုင်ငံက အရေးယူပိတ်ဆို့

22-1-2021-yyl-12.jpg

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရအဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မိုက်ပွမ်ပီယိုနဲ့ တခြားထိပ်တန်းအရာရှိ ၂၇ ယောက်ကို တရုတ်အစိုးရက အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ သူတို့တွေက တရုတ်နိုင်ငံကို မလိုမုန်းထားစိတ်ရှိတယ်လို့ စွပ်စွဲပြီး အရေးယူပိတ်ဆို့ခဲ့တာပါ။

ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေးတင်းမာခဲ့ပြီး ကုန်စည်ပဋိပက္ခမှာ အပြန်အလှန် အခွန်စည်းကြပ်မှုတွေ ချမှတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးတော့မယ့်အချိန်မှာ တရုတ်နိုင်ငံပိုင်မီဒီယာက အယ်ဒီတာ့အာဘော်တွေ၊ မျက်မှောက်ရေးရာ ဆောင်းပါးတွေ၊ လူမှုကွန်ရက်ပေါ်က ရေးသားချက်တွေနဲ့ ပုံစံမျိုးစုံ အောင်ပွဲခံခဲ့ကြပါတယ်။ ” နှုတ်ဆက်ရတော့မယ့် ဒေါ်နယ်ထရမ့်”၊ ” ”လက်ရှိအမေရိကန်အစိုးရနဲ့ နောက်ဆုံးအရူးထမှု”၊ ” ဒေါ်နယ်ထရမ့်မရှိမှ အေးမယ်” စတဲ့ ‌ခေါင်းစဉ်တွေနဲ့ ရေးသားဖော်ပြခဲ့ကြတာပါ။

ဒေါ်နယ်ထရမ့်က သမ္မတသက်တမ်း နောက်ဆုံးနေ့ရက်တွေမှာ တရုတ်အရာရှိတွေကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့သလို နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုကလည်း ရှင်ကျန်းဒေသမှာ တရုတ်အစိုးရက ဂျီနိုဆိုက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထား တွေ့ရကြောင်း စွပ်စွဲခဲ့ပါတယ်။ အမေရိကန်အရာရှိတွေနဲ့ တရုတ် (တိုင်ပေ) အရာရှိတွေကြား ဆက်သွယ်မှုလုပ်တာနဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေကို ဖယ်ရှားခဲ့ပါတယ်။ အဲဒီလုပ်ရပ်က တရုတ်အစိုးရက ဒေါသထွက်စေခဲ့ပါတယ်။

အမေရိကန်သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိရှပြတ်သားတဲ့ စကားလုံးတွေကို သုံးနှုန်းပြီး ဒေါ်နယ်ထရမ့်လက်ထက် အရာရှိဟောင်းတွေအပေါ် အရေးယူပိတ်ဆို့ခဲ့တာပါ။ အဲဒီအရာရှိတွေက တရုတ်-အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး နိုင်ငံရေးသမားတွေဖြစ်တယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ၄ နှစ်အတွင်းမှာ ဒေါ်နယ်ထရမ့်အစိုးရက အခြေခံအမှားအယွင်းတွေ ကျူးလွန်မိခဲ့လို့ နှစ်နိုင်ငံ ဆက်ဆံရေး ဆိုးဆိုးရွားရွား ထိခိုက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်းယင်က ပြောပါတယ်။

” အမေရိကန်အစိုးရသစ်က နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာမှာ ယုတ္တိကျပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ စိတ်သဘောထားကို ကျင့်သုံးမယ်ဆိုရင်တော့ နိုင်ငံတကာအသိုက်အဝန်းမှာ ပါဝင်နေသူတိုင်း နွေးနွေးထွေးထွေး ကြိုဆိုကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” လို့ ဟွာချန်းယင်က ပြောပါတယ်။

Ref: CNN ” Beijing sanctions outgoing US officials as Chinese state media bids ‘good riddance’ to Trump “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top