ရန်သူကြောင်နဲ့ ခေါင်းလောင်းတစ်လုံး

7-7-2020-yyl-018.jpg

များစွာသော ကြွက်တွေရဲ့ အန္တရာယ်ကြောင့် ကုန်စုံဆိုင်တစ်ဆိုင်ဟာ နေ့စဉ်နဲ့အမျှ စိတ်သောက ရောက်ရှိနေရပါတယ်။ ဆိုင်အတွင်းမှာရှိတဲ့ ကြွက်တွေက အစားအစာတွေကို ဖျက်ဆီးစားသောက်ရုံသာမက

ရောင်းချတဲ့ပစ္စည်းမှန်သမျှကို ညစဉ်ညတိုင်း ကိုက်ပြီး ဖျက်ဆီးပစ်ကြပါတယ်။ အဲဒီနောက်မှာတော့ ဆိုင်ပိုင်ရှင်က သူရဲ့ကုန်စုံဆိုင်ထဲမှာ သောင်းကျန်းနေတဲ့ ကြွက်တွေရဲ့ ဘေးကနေ ကင်းဝေးစေဖို့ ကြောင်တစ်ကောင်ကို ဝယ်ယူပြီး မွေးထားလိုက်ပါတယ်။

ဆိုင်ပိုင်ရှင် မွေးထားတဲ့ ကြောင်လေးက ညစဉ်ညတိုင်း ကြွက်တွေကို ရှာဖွေမောင်းထုတ်နေတာကြောင့် ကြွက်တွေအားလုံးက အရင်လို လွတ်လွတ်လပ်လပ် မဖျက်ဆီးနိင်တော့ပါဘူး။ အချိန်နဲ့အမျှ စိုးရိမ်ကြောက်ရွံပြီး နေနေရတာကြောင့် တစ်နေ့မှာတော့ ကြွက်တွေအားလုံးက အရင်လို လွတ်လွတ်လပ်လပ်နေနိင်အောင် စုပေါင်းပြီး အကြံထုတ်ကြပါတယ်။

အဲဒီမှာကြွက်တစ်ကောင်က ” ကဲ…သူငယ်ချင်းတို့ ငါတို့အရင်လို ပျော်ပျော်ရွှင်ရွှင်နေလို့ရအောင် ဒီကြောင်ကြီးကို ဘယ်လိုမောင်းထုတ်မလဲဆိုတာ ဆွေးနွေးကြရအောင်။ အကြံဥာဏ်ကောင်းတွေ ၊ ထင်မြင်ချက်တွေရှိရင်လည်း ပြောနိင်ပါတယ်”လို့ ဆိုပါတယ်။

ကြွက်တွေအားလုံး ခဏတာ တိတ်ဆိတ်သွားပြီး ခဏအကြာမှတော့ ကြွက်ငယ်တစ်ကောင်က မတ်တတ်ရပ်ပြီး “ကျွန်တော် အကြံတစ်ခုလောက်ပေးချင်ပါတယ်။ ရန်သူ ကြောင်ရဲ့ လှုပ်ရှားမှုတိုင်းက ညင်သာတယ်။ အဲဒါက အဓိက သော့ချက်ပဲ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ကျွန်တော်တို့ သတိပြုမိဖို့ လိုအပ်တယ်။ ရန်သူရဲ့ လည်ပင်းမှာ ခေါင်းလောင်းလေးတစ်လုံးလောက် ဆွဲထားလိုက်မယ်ဆိုရင် သူလှုပ်ရှားတဲ့အခါတိုင်း အသံမြည်နေမယ်။ ဒါဆို ကျွန်တော်တို့အားလုံး သူလာပြီဆိုတ သတိပြုနိင်မယ်လေ” လို့ အကြံပြုလိုက်ပါတယ်။

အဲဒီအခါမှာတော့ ကြွက်တွေအားလုံးက တစ်ညီတစ်ညွတ်တည်းနဲ့ “ဟုတ်တယ်။ ဒါအဖြေပဲ။ ထောက်ခံပါတယ်”လို့ ပြောကြပါတယ်။ ခဏအကြာမှာတော့ ကြွက်အိုကြီးတစ်ကောင်က မတ်တတ်ရပ်ပြီးတော့ “ဟုတ်ပြီ။ ဒါဆိုရင် ရန်သူရဲ့ လည်ပင်းမှာ ခေါင်းလောင်းကို ချိတ်ဆွဲဖို့ ဘယ်သူတာဝန်ယူမလဲ” လို့ဆိုလိုက်ရာ ထောက်ခံထားတဲ့ ကြွက်အုပ်ကြီးထဲက တစ်စုံတစ်ရာအသံထွက်ပေါ်မလာဘဲ နှုတ်ဆိတ်လို့ နေပါတယ်။

ဒီအကြောင်းအရာလေးကနေ ပေးချင်တာကတော့ အများနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အကျိုးမရှိတဲ့ အဖြေတွေ၊ နည်းလမ်းတွေကို ရှောင်ကြဉ်ဖို့နဲ့ ကိုယ်တိုင် ပါဝင်မဆောင်ရွက်နိင်ဘဲ ဆုံးဖြတ်ချက်၊ ထင်မြင်ချက်တွေကို လွယ်လွယ် မပေးသင့်ကြောင်းကို ဖော်ပြချင်တာပါ။ ဒါအပြင် ဆုံးဖြတ်ချက်အမှားတွေကို မစဉ်းစား မဆင်ခြင်ဘဲ လက်ခံဆောင်ရွက်လိုက်မယ်ဆိုရင် အကျိုးစီးပွား ပျက်ပြားနိင်တယ်ဆိုတာကို သတိပြုမိစေပါတယ်။

Ref: ” Bell the cat “

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top