နေရောင်ခြည်၏ အကျိုးကျေးဇူးများ

15-5-2020-yyl-017.jpg

နေရောင်ခြည်နှင့် ဆီရိုတိုနင်

နေရောင်ခြည်ဟာ အရေပြားကို ထိခိုက်စေတယ်လို့ အကြိမ်ကြိမ် ကြားဖူးခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်နေရာမှာမဆို အကျိုးအပြစ်ရှိသလို နေရောင်ခြည်ကြောင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။

နေရာင်ခြည်ရော အမှောင်ထုပါ ဦးနှောက်ကနေ ဟော်မုန်းတွေကို ထွက်လာဖို့ နှိုးဆွပေးပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ချိန်မှာ ဦးနှောက်ကနေ ဆီရိုတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဆီရိုတိုနင်ဟာ စိတ်အခြေအနေကို တည်ငြိမ်ကောင်းမွန်စေပြီး အာရုံစူးစိုက်မှု ကောင်းစေပါတယ်။ ညဖက်အမှောင်မှာတော့ ဦးနှောက်ကနေ မယ်လတိုနင်ဟော်မုန်းကို ထွက်လာစေပါတယ်။ ဒီဟော်မုန်းဟာ သင့်ကို အိပ်ပျော်စေပါတယ်။

နေရောင်ကောင်းကောင်းမရရင် ဆီရိုတိုနင်ဟော်မုန်း ကျဆင်းနိုင်ပါတယ်။ ဆီရိုတိုနင်ကျလာခြင်းဟာ ရာသီဥတုပေါ် မူတည်ပြီးဖြစ်တတ်တဲ့ စိတ်ဓာတ်ကျခြင်းနဲ့ ဆက်စပ်နေပါတယ်။ အထူးသဖြင့် ထိုင်းမှိုင်းပြီး နေရောင်မမြင်ရတဲ့ ရာသီတွေမှာ ဖြစ်တတ်ပါတယ်။

တကယ်တော့ နေရောင်ခြည်ဟာ စိတ်ကိုမြှင့်တင်ပေးနိုင်ရုံတင် မကပါဘူး။ အတော်တသင့်ပြင်းအားပဲရှိတဲ့ နေရောင်ခြည်ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေပါတယ်။

နေရောင်ခြည်ထိတွေ့မှုလျော့နည်းခြင်းဟာ ဆီရိုတိုနင်ကျဆင်းခြင်းနဲ့ ဆက်စပ်နေပြီး ရာသီပေါ်မှီပြီး စိတ်ကျခြင်းနဲ့ သက်ဆိုင်နေပါတယ်။ ဆီရိုတိုနင်ကို ထွက်စေတဲ့ နေရောင်ခြည်ရဲ့ ဒီသက်ရောက်မှုဟာ မျက်လုံးကနေတဆင့် ရရှိပါတယ်။ အမြင်လွှာကို ရောက်ရှိချိန်မှာ ဆီရိုတိုနင်ကို ထွက်လာစေပါတယ်။ ဒါကြောင့် နေ့တာတိုပြီး နေရောင်ခြည်ရတာနည်းတဲ့ ဆောင်းတွင်းတွေမှာ ကြုံရတာများပါတယ်။

ဒီဆက်နွယ်မှုကြောင့် ရာသီအပြောင်းအလဲ စိတ်ကျမှုကိုကုသရာမှာ အလင်းရောင်ကုထုံးကို အသုံးပြုလာကြပါတယ်။ အဆိုပါအလင်းရောင်ဟာ နေရောင်ခြည်အစား ဦးနှောက်ကနေ ဆီရိုတိုနင်ထွက်လာအောင် လှုံ့ဆော်ပေးပါတယ်။

အရိုးများ သန်မာစေခြင်း

နေရောင်ခြည်ဟာ လူ့အရေပြားနဲ့ ထိတွေ့တဲ့အခါမှာ ဗီတာမင် ဒီ ထွက်လာစေပါတယ်။ သုတေသနတခုရဲ့ တွေ့ရှိချက်အရ နေရောင်ခြည်ကို နာရီဝက်ခန့် ထိတွေ့ပေးရင် ဗီတာမင်ဒီကို အောက်ပါအတိုင်း ထွက်လာစေပါတယ်။

– ကော့ကေးရှပ်လူဖြူများတွင် ၅၀၀၀ ယူနစ်

– အသားနီ/ညိုသူများတွင် ၂၀၀၀၀ မှ ၃၀၀၀၀ ယူနစ်

– အသားအရောင်မည်းသူများတွင် ၈၀၀၀ မှ ၁၀၀၀၀ ယူနစ် စသဖြင့် ဖြစ်ပါတယ်။

ဗီတာမင် ဒီဟာ အရိုးများရဲ့ ကျန်းမာသန်စွမ်းရေးအတွက် များစွာ အရေးကြီးပါတယ်။ ဗီတာမင် ဒီ လျော့နည်းခြင်းဟာ ကလေးများမှာ အရိုးပျော့ရောဂါ၊ လူကြီးများမှာ အရိုးပွတဲ့ ရောဂါ စတာတွေ ဖြစ်ပွားနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ခြင်း

နေရောင်ခြည် အလွန်အကျွံ ထိတွေ့ခြင်းဟာ အရေပြားကင်ဆာကို ဖြစ်စေတယ်ဆိုပေမယ့် အသင့်အတင့်လောက်ဆိုရင် ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနအချို့အရ နေရောင်ခြည်ထိတွေ့မှုနည်းတဲ့ ဒေသတွေမှာ နေထိုင်သူတွေဟာ နေရောင်ခြည်ကောင်းစွာ ရရှိတဲ့ဒေသတွေမှာ နေထိုင်သူတွေထက် ကင်ဆာရောဂါတချို့ ဖြစ်ပွားမှု ပိုမိုပါတယ်။ အဆိုပါရောဂါတွေကတော့

– အူမကြီးကင်ဆာ

– ဟော့ဒ်ကင်းပြန်ရေကြောကင်ဆာ

– သားဥအိမ်ကင်ဆာ

– ပန်ခရိယကင်ဆာ

– ဆီးကျိတ်ကင်ဆာ စတာတွေ ဖြစ်ပါတယ်။

အရေပြားကျန်းမာရေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းဟာ အရေပြားပြဿနာတချို့ကို တိုးတက်ကောင်းမွန်စေပါတယ်။ ခရမ်းလွန်ရောင်ခြည်ထိတွေ့သင့်တဲ့ အရေပြားရောဂါတချို့ကတော့

– Psoriasis အရေပြားရောဂါ

– နှင်းခူ

– အသားဝါခြင်း

– ဝက်ခြံ စတာတွေ ဖြစ်ပါတယ်။

လူတိုင်းနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ အရေပြားဆရာဝန်ကပဲ ဆုံးဖြတ်ပေးပါလိမ့်မယ်။

နေရောင်ခြည်ဟာ ကျန်းမာရေးအတွက် နည်းမျိုးစုံနဲ့ အကျိုးဖြစ်ထွန်းစေပါတယ်။ စိတ်ရောကိုယ်ပါ အကျိုးကျေးဇူးပြုပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုသလို အလွန်အကျွံထိတွေ့ခြင်းမဖြစ်အောင် ဂရုပြုရပါမယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr.Thant Zin

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top