နေ့ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မယ့် နည်းလမ်း (၈) ခု

h.jpg

သင်ကတော့ နေ့ရက်တိုင်းကို အကောင်းဆုံးဖြတ်သန်းမယ်ဆိုတဲ့ စိတ်နဲ့နိုးထလာတာပါပဲ။ ဒါပေမဲ့ ရေအးအေးလေးနဲ့ ရေချိုးပြီး အလုပ်သွားတဲ့အခါ လမ်းမှာ မမျှော်လင့်ထားတဲ့ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုကြောင့် စောစောက အတွေးလေးတွေဟာ တစ်စစီ လွင့်ပြယ်သွားနိုင်ပါတယ်။ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေတဲ့သူတွေရဲ့ တစ်နေ့တာဖြတ်သန်းမှုပုံစံကို လေ့လာကြည့်လိုက်ရအောင်။

၁။ သူတို့မှာ ပန်းတိုင်တွေရှိတယ်

တချို့တွေကတော့ ဒါကိုမဖြစ်မနေလုပ်ရမယ့်အရာ တွေလို့ခေါ်ကြပါတယ်။ သင့်ရဲ့ဦးနှောက်ကို နှစ်မိနစ်လောက်အချိန်ပေးပြီး တစ်နေ့တာလုပ်ရမယ့်အလုပ်တွေကို တန်းစီစဉ်းစားလိုက်တဲ့အခါ အလုပ်တွေဟာ အစီအစဉ်တကျနဲ့ ပြတ်ပြတ်သားသားပေါ်လာပြီး တစ်နေ့တာကုန်လွန်သွားတဲ့အခါမှာလည်း ပျော်ရွှင်ခြင်းနှင့် ပြီးမြောက်ခြင်းဆိုတဲ့ ရလဒ်ကောင်းတွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။

၂။ သင့်အတွက် ကျေးဇူးတင်စရာကောင်းတဲ့ အရာတစ်ခုကို နေ့တစ်နေ့စီတိုင်းအတွက် ရွေးချယ်မှတ်သားထားပါ

နေ့စဉ်ဖြစ်တည်နေတဲ့ ကိစ္စရပ်တိုင်းမှာ အကြောင်းပြချက် တစ်ခုစီရှိပါတယ်။ သင့်ကို အဆိုးဝါးဆုံးခံစားရစေတဲ့ ကိစ္စရပ်တိုင်းကို အကောင်းဘက်ကနေတွေးပြီး ချရေးထားပါ။ ဘာကြောင့်လဲဆိုတော့ သင့်ရဲ့သူငယ်ချင်း (သို့) ချစ်သူဆီက မပြောပလောက်တဲ့စာတိုလေးတစ်စောင်ကတောင်မှ သင့်ကိုအားတက်စေပြီး အံ့ဖွယ်အရာတွေ ပြုလုပ်နိုင်လို့ပဲဖြစ်ပါတယ်။

၃။ အနည်းဆုံး မိနစ် (၂၀) လောက် သဘာဝတရားနဲ့ တွေ့ထိပါ

နေသာတာပဲဖြစ်ဖြစ်၊ တိမ်ဖုံးတာပဲဖြစ်ဖြစ် လုံးဝအရေးမကြီးပါဘူး။ စတန်းဖို့ဒ် (Standford) တက္ကသိုလ်ရဲ့လေ့လာချက်အရ နေ့လယ်စာစားပြီးချိန် အနည်းဆုံး မိနစ် ၂၀ လောက် အပြင်ဘက်ထွက် လမ်းလျှောက်ပေးခြင်းဟာ သင့်ရဲ့စိတ်ခံစားမှုကို သိသိသာသာတိုးတက်ကောင်းမွန်လာစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့နည်းစေပါတယ်။

၄။ သင့်ကိုယ်သင် နံပါတ် (၁) နေရာမှာထားပါ

သင့်မှာ ကလေးငယ် (သို့) e-mail စာတိုတွေနဲ့ ဂရုစိုက်စရာတွေများနေခဲ့ရင်တောင်မှ မိမိကိုယ်ပိုင်အချိန်ဆိုတာ ရှိနေဖို့ အရေးကြီးပါတယ်။ ခဏလောက်စဉ်းစားကြည့်ကြရအောင်။ သင်ဟာ လက်သည်းအလှပြုပြင်တာပဲဖြစ်ဖြစ် (ဒါမှမဟုတ်) မဂ္ဂဇင်းတစ်ခုကို ထဲထဲဝင်ဝင်ထိုင်ဖတ်လိုက်ရတယ်ပဲ ဖြစ်ဖြစ် မိနစ် (၃၀) လောက် ဇိမ်ကျကျကိုယ်ပိုင်အချိန်ယူထားပြီးဖြစ်တဲ့အတွက် တခြားသူတွေကိုလည်းပိုပြီး စိတ်ရှည်ရှည်နဲ့ဆက်ဆံလာနိုင်မှာပါ။

၅။ မနက်စာ အလွတ်မခံပါနဲ့

ဟုတ်ပါတယ်။ ဆာလောင်မွတ်သိပ်မှုဟာ တော်တော်ဆိုးရွားပါတယ်။ သင်မနက်စာမစားခဲ့ခြင်းဟာ သင့်စိတ်ကိုသင် ကသိကအောက်ဖြစ်အောင်ပြုလုပ်လိုက်တာပါပဲ။ မနက်ပိုင်းမှာ ကိုယ်တိုင်စီမံပြုလုပ်ထားတဲ့ မနက်စာ (သို့) ကွေကာအုပ်တစ်ခွက်လောက်တော့ သောက်ထားသင့်ပါတယ်။ အကယ်၍ သင့်ရဲ့မနက်ခင်းဟာ တော်တော်လေး အပြေးအလွှားဖြစ်နေရတယ်ဆိုရင်တော့ လမ်းမှာစားသွားလို့အဆင်ပြေနိုင်မယ့် မနက်စာတစ်ခုခုကို စားဖြစ်အောင်စားသွားလိုက်ပါ။

၆။ ရေများများသောက်ပါ

ကန်နက်တီကတ် (Connecticut) တက္ကသိုလ်ရဲ့လေ့လာချက်အရ ရေဓာတ်ကုန်ခမ်းခြင်းဟာ နံနက်စာလွတ်သလိုပဲ သင့်ကိုစိတ်ရှုပ်ထွေးမှုဖြစ်ပေါ်စေပါတယ်။ သတိပေးချက်အနေနဲ့ ရေဗူးကိုအချိန်တိုင်း သင့်အနားမှာ အမြဲထားထားတာဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

၇။ သီချင်းနားထောင်ပါ

နယ်သာလန် (Netherlands) က ဖိလစ်ပ် (Philips) စမ်းသပ်ခန်းရဲ့ သုတေသနပြုချက်အရ အလုပ်သွား၊ ကျောင်းသွားတဲ့လမ်းတစ်လျှောက် နားကြပ်တပ်ပြီး သီချင်းနားထောင်သွားခြင်းဟာ ပျော်ရွှင်မှုကို ပိုတိုးလာစေတယ် လို့ သိရပါတယ်။

၈။ ည ၁၀:၀၀ နာရီ နောက်ဆုံးထားအိပ်ပါ

အိပ်စက်ခြင်းဆိုတာ အမြတ်တနိုးနဲ့ မရမကကြိုးပမ်းရှာဖွေရမယ့်အရာပါ။ အိပ်ချိန်မလုံလောက်တဲ့အခါ အလုပ်လုပ်ရတာလည်း အဆင်မပြေတော့ပါဘူး။ ပုံမှန်အိပ်ချိန်တစ်ခုသတ်မှတ်ပြီး စွဲမြဲအောင်လေ့ကျင့်ထားပါ။ ဒါကြောင့် ကြည့်နေတဲ့ဇာတ်လမ်းတွဲက အရမ်းကောင်းနေရင်တောင် အိပ်ချိန်ရောက်ရင်တော့ အိပ်ဖြစ်အောင်အိပ်လိုက်သင့်ပါတယ်။

Ref : https://pinterest.com/pin/597289969304224435/…

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top