စေတနာ

will.jpg

စေတနာသည် လူတိုင်းနဲ့ မတန် တဲ့။ ဒီစကားလေး ကြားရတိုင်း ခေါင်းထဲမှာ တွေးစရာလေးတွေ ရောက်လာတယ်။ တစ်ပါးသူ အကျိုးကို လိုလားပြီး အမြင်မတော်လို့ ပြောဆို ကူညီပေးတယ်ဆိုတာ စေတနာပါ။ YBS ပေါ်မှာ ခုံ နေရာ ဖယ်ပေးတယ် ၊ မနိုင်မနင်း ပစ္စည်းသယ်လာသူတွေ့ရင် ကူပေးတယ်။ ကိုယ်ချင်းစာစိတ်နဲ့ ယှဉ်တွဲပြီး တစ်ဖက်သားအကျိုး သယ်ပိုးရွက်ဆောင်ပေးတာမှန်ရင် စေတနာပါပဲ။

ဘယ်အလုပ်မှာမဆို စေ့ဆော်တိုက်တွန်းမှု ဆိုတဲ့ စေတနာဓာတ်လေး အရင်းခံသင့်တယ်လို့ ဗုဒ္ဓစာပေမှာတော့ ဖော်ပြထားပါတယ်။ စေတနာကောင်းရင် ကံကောင်းပြီး စေတနာဆိုးရင် ကံဆိုးမယ် ဆိုတာကိုလည်း လူတိုင်းနီးပါး လက်ခံယုံကြည်ပါတယ်။

စေတနာထားပြီး လုပ်ပေးလိုက်တဲ့ အလုပ်လေးတစ်လုပ်က ဝေဒနာ မဖြစ်သွားအောင် ကာယကံရှင်ရဲ့ ပြောဆိုဆောင်ရွက်ချက်က အရေးပါပါတယ်။ စေတနာကောင်းပေမဲ့ အပြောမတတ်ရင် တစ်ဖက်သား နစ်နာတတ်ပါတယ်။ ကိုယ်ကူညီနိုင်တဲ့ အရာတစ်ခုကို အကူအညီတောင်းလာရင်တော့ ပေးလိုက်ပါတယ်။ ဒါပေမဲ့ ကိုယ်ပြုလိုက်တဲ့ စေတနာ အပြောနဲ့အလုပ်သည် အကျိုးမမျှော်ကိုးသော စစ်မှန်တဲ့အရာပဲ ဖြစ်သင့်ပါတယ်။

လောကမှာ စစ်မှန်တဲ့ စေတနာတွေ ဝေငှနေသူတွေလည်း ရှိပါတယ်။ ကိုယ့်ဘက်က စေတနာထားပေမဲ့ တုံ့ပြန်မှုဆိုး ပြန်ရတဲ့အခါ စိတ်ကလေးက အချဉ်ပေါက်လာပါတယ်။ စေတနာတွေ ခေါင်းပါးသွားတယ်ဆိုတာ မထိုက်တန်သူတွေ ပေါများလာလို့ပါပဲ။ မိန်းကလေးတစ်ယောက်ကို ခုံနေရာ ဖယ်ပေးတဲ့ ယောက်ျားလေးကို နှာဗူးပါလို့ ပြောတာမျိုး ၊ စေတနာကို အထွန့်တက်ပြီး ရောင့်တက်လာတာမျိုးတွေက အမြင်ကတ်စရာကောင်းလှပါတယ်။

လူတွေရဲ့ စေတနာ ရှားပါးလာတာကို ကြည့်ပြီး ပြစ်တင်စကား ဆိုဖွယ်ရာလည်း မရှိပါဘူး။ စေတနာကို ခုတုံးလုပ်ပြီး အခွင့်အရေးယူသူတွေနဲ့ စေတနာထားမှန်း နားမလည်သူတွေ များပြားလာတာက အဓိကအကြောင်းရင်းခံပါပဲ။ ဒီတော့ ကျွန်မတို့ စေတနာတွေကိုလည်း အကန့်အသတ်သာ အသုံးချရင်း မတန်သူတွေကို ပေးမဲ့အစား ထိုက်တန်သူတွေအတွက်သာ အတိုးချသုံးရအောင်ပါ။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top