ပုညစိုင်း၏ လေးစားအားအကျရဆုံးကစားသမား EvTing

phon-nya.jpg

မွန်တိုင်းရင်းသား ကိုယ်ခံပညာသိုင်းပေါင်းစုံကစားသမား ပုညစိုင်း၏ ONE Championship တွင် ၎င်း လေးစားအားအကျရဆုံးကစားသမားမှာ
Ev “ET” Ting ဖြစ်သည်။ Ev သည် ဘဝခရီး အခက်အခဲများစွာကို ကျော်ဖြတ်ကာ အောင်မြင်မှုပန်းတိုင်ဆီ အရောက်လှမ်းနိုင်သည့် ဇွဲနှင့်သတ္တိတို့ကို လေးစားအားကျရခြင်းများကြောင့် ပုညစိုင်းက လေးစားအားကျရခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ONE Warrior Series ပွဲစဉ်တွင် ယှဉ်ပြိုင်ကစားနေသည့် မွန်လူမျိုး ပုညစိုင်းသည် အခြားမြန်မာကစားသမားများကဲ့သို့ လက်ရှိဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်နေသည့် အောင်လအန်ဆန်ကို အားအကျဆုံးကစားသမားအဖြစ် ရွေးချယ်ရမည့်အစား မလေးရှားနှင့် နယူးဇီလန်နိုင်ငံသား Ev Ting ကို ထူးထူးခြားခြား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ Ev Ting သည် လက်ရှိ ပုညစိုင်းလေ့ကျင့်နေသည့် အင်ဒိုနီးရှားနိုင်ငံ Bali MMA ကလပ်တွင် လာရောက်လေ့ကျင့်ခဲ့သူလည်း ဖြစ်သည်။

“ONE Championship မှာ ကျွန်တော့်ရဲ့ လေးစားအားအကျဆုံးကစားသမားကိုပြပါဆိုရင် Ev Ting လို့ ပြောရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက ဘာလီမှာကစားနေတဲ့ ကျွန်တော်တို့လို အားကစားသမားတွေအတွက် လမ်းဖောက်ပေးခဲ့တဲ့သူဖြစ်တဲ့အပြင် ကျွန်တော်တို့ကိုလည်း နည်းလမ်းအမျိုးမျိုးနဲ့ ကူညီပံ့ပိုးပေးခဲ့လို့ ဖြစ်ပါတယ်”ဟု ပုညစိုင်းက ပြောပြခဲ့သည်။

ပုညစိုင်းသည် အခြားမြန်မာကစားသမားများကဲ့သို့ လက်ရှိဝိတ်တန်းနှစ်ခုချန်ပီယံဖြစ်နေသည့် အောင်လအန်ဆန်ကို အားအကျဆုံးကစားသမားအဖြစ် ရွေးချယ်ရမည့်အစား မလေးရှားနှင့် နယူးဇီလန်နိုင်ငံသား Ev Ting ကို ထူးထူးခြားခြား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်

Ev Ting သည် ONE Championship အပြင် အင်္ဂလန်မှ Fury MMA 2၊ အမေရိကမှSFC၊ ဟောင်ကောင်မှ Legend FC စသည့် ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး စုစုပေါင်း (၂၂) ပွဲ ထိုးသတ်ရာတွင် (၁၆) ပွဲနိုင် (၆) ပွဲရှုံး ရလဒ် ရရှိထားသည်။ ၂၀၁၇ ခုနှစ်တွင် ONE Championship ၏ လိုက်ဝိတ်တန်းချန်ပီယံ Eduard Folayang ကိုပင် ချန်ပီယံရွှေခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။ ၎င်းအနိုင်ရခဲ့သည့် ကစားသမားများထဲတွင် ONE ၏ ဝယ်လ်တာဝိတ်တန်းချန်ပီယံဟောင်း Nobutatsu Suzuki, Ariel Sexton, Kamal Shalorus စသည့် နာမည်ကျော်ကစားသမားများ ပါဝင်သည်။

တကယ်တမ်းတွင်လည်း ပုညစိုင်းနှင့် Ev Ting တို့အကြား တူညီသည့်အခြေအနေများစွာ ရှိခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အရှေ့တောင်အာရှနိုင်ငံများဖြစ်ကြသော မြန်မာနှင့် မလေးရှားတို့တွင် မွေးဖွားခဲ့ကြသူများဖြစ်သော်လည်း ငယ်စဉ် ကလေးဘဝကတည်းက နယူးဇီလန်နိုင်ငံသို့ ရွှေ့ပြောင်း အခြေချခဲ့မှုချင်း တူညီနေသည်။ ထို့ပြင် ငယ်စဉ်က နယူးဇီလန်တွင် အနောက်တိုင်းလက်ဝှေ့ပညာ အခြေခံကိုဆည်းပူးခဲ့ပြီး ကိုယ်ခံပညာသိုင်းပေါင်းစုံလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ကြမှုချင်းလည်း တူညီနေသည်။ ၎င်းတို့ နှစ်ဦးသည် Bali MMA ကလပ်တစ်ခုတည်းတွင် အတူလေ့ကျင့် ကြသူများလည်း ဖြစ်သည်။

သို့သော် Ev Ting က နယူးဇီလန်ရော မလေးရှားကိုပါ ဒွိနိုင်ငံသားအဖြစ်ခံယူပြီး နှစ်နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေချိန်တွင် ပုညစိုင်းက မြန်မာနိုင်ငံကိုသာ ကိုယ်စားပြုယှဉ်ပြိုင်ရန်ရွေးချယ်ခဲ့သည်။ ၎င်းသည် ONE Warrior Series (2) တွင် မြန်မာကစားသမား စိုင်းဉာဏ်လင်းကိုလည်းကောင်း၊ ONE Warrior Series 3 တွင် နီပေါလ်နိုင်ငံသား Krishna Lal Tamang ကိုလည်းကောင်း နှစ်ပွဲဆက်အနိုင်ရထားပြီး လာမည့် ဧပြီ (၂၅) ရက် စင်ကာပူ ONE Warrior series (4) တွင် တတိယမြောက် ပရော်ဖက်ရှင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယှဉ်ပြိုင်ခဲ့ပြီးသည့် ONE Warrior Series နှစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရလဒ်ကိုရရှိထားသူ ပုညစိုင်း

“ကျွန်တော် မြန်မာနိုင်ငံကိုပဲကိုယ်စားပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါက ကျွန်တော်ရော ကျွန်တော့် မိဘတွေပါနေခဲ့တဲ့ ဇာတိမြေနေရာ ဖြစ်နေလို့ပါ။ ပြီးတော့ နိုင်ငံကိုလည်း ကျွန်တော်နဲ့ ဘယ်လိုဆက်နွယ်နေတယ်ဆိုတာကို ပြသချင်တာပါ”ဟု ပုညစိုင်းက မြန်မာနိုင်ငံကိုယ်စားပြုရန် ရွေးချယ်ခဲ့သည့်အကြောင်းရင်းကို ပြောပြခဲ့သည်။

အသက် (၂၀) သာရှိသေးသည့် လူငယ်ကစားသမား ပုညစိုင်းသည် အသက် ရှစ်လအရွယ်ကတည်းက မိသားစု နှင့်အတူ နယူးဇီလန်သို့ ပြောင်းရွှေ့အခြေချခဲ့ပြီး ငယ်စဉ်က လူကောင်သေးကာ ချို့တဲ့ခဲ့သောကြောင့် ကျောင်းတွင် အမြဲအနိုင်ကျင့်ခံခဲ့ရသည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရန် အနောက်တိုင်းလက်ဝှေ့ပညာကို ကြိုးကြိုးစားစားသင်ယူခဲ့ရာမှ ကိုယ်ခံပညာသိုင်းပေါင်းစုံသမားဖြစ်ရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။

ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားဖြစ်ရန်ရည်မှန်းချက်ဖြင့် အင်ဒိုနီးရှားနိုင်ငံသို့ ဖောင်ဖျက်ပြီးထွက်လာသည့် ပုညစိုင်းသည် Bali MMA တွင် နည်းပြလုပ်နေသည့် Mike Ikilei နှင့် ချိတ်ဆက်မိကာ ၎င်း၏ သင်တန်းသား တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ ထိုအချိန်တွင် ONE Warrior Series အတွက် ကစားသမားသစ်လာရှာသော ကင်းထောက်များက ပုညစိုင်း၏ လေ့ကျင့်ပုံများကိုစောင့်ကြည့်ကာ သဘောကျပြီး စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်သည်။

ယှဉ်ပြိုင်ခဲ့ပြီးသည့် ONE Warrior Series နှစ်ပွဲစလုံး ရာနှုန်းပြည့်အနိုင်ရလဒ်ကိုရရှိထားသူ ပုညစိုင်းသည် Bali MMA ၏ အထင်ကရကစားသမားစာရင်းတွင် ပါဝင်လာပြီဖြစ်ကာ ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထည့်သွင်းဖော်ပြခံခဲ့ရသည်။ ထို့ပြင် လာမည့် ဧပြီလအတွင်း ယှဉ်ပြိုင်မည့် တတိယမြောက်ပွဲစဉ်အတွက်လေ့ကျင့်နေသော ပုညစိုင်းကို “သက်သာတဲ့ဇုန်မှာ တိုးတက်မှုမရှိသလို
တိုးတက်တဲ့ ဇုန်မှာလည်း သက်သာမှုဆိုတာ မရှိဘူး”ဟူသည့် စာသားဖြင့် ကလပ်၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ရေးသားအားပေးထားသည်ကို တွေ့ရသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားတွင် လျင်လျင်မြန်မြန် တိုးတက်လာနေသော ပုညစိုင်းက မှန်ထဲမှ သူ့ပုံသူ နေ့စဉ်ကြည့်ကာ “ငါဖြစ်ချင်တဲ့သူမျိုး ငါအခုဖြစ်နေပြီလား”ဆိုသည့် ကိုယ့်ကိုယ်ကိုယ်အားပေးစကားကို ပုံမှန်ရေရွတ်လေ့ ရှိသည်ဟုလည်း ဖွင့်ဟ ပြောပြခဲ့သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top