နှလုံးကျန်းမာရေးအတွက် အကောင်းဆုံး လေ့ကျင့်ခန်းများ

heart.jpg

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို စဉ်းစားတဲ့အခါ ကိုယ်အလေးချိန်ကျဖို့နဲ့ ကြွက်သားများသန်မာဖို့ကို အရင်ဆုံး စဉ်းစားမိကြပါတယ်။ ဒီထက် ပိုပြီး အရေးပါတဲ့ အကျိုးကျေးဇူးတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ နှလုံးကျန်းမာရေးကို အထောက်အကူပြုခြင်းပဲ ဖြစ်ပါတယ်။

နှလုံးဟာ သင့်ကိုယ်ခန္ဓာထဲမှာ အရေးအကြီးဆုံးကြွက်သားပဲ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးဆီ သွေးများဖြန့်ဝေပေးတဲ့ ကိုယ်အင်္ဂါဖြစ်တာမို့ အထူးဂရုစိုက်ရပါမယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ သင့်ရဲ့နှလုံးကို သန်မာစေပြီး နှလုံးရောဂါနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေအကြောင်းပဲ ဖြစ်ပါတယ်။
အေရိုးဗစ်

ကာဒီယို (Cardio) လေ့ကျင့်ခန်းလို့လည်းသိကြတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းများဟာ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေပြီး ချွေးထွက်လာစေပါလိမ့်မယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါတယ်။ ဆီးချိုရှိသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေဖို့ အထောက်အကူပြုပါတယ်။

အရွယ်ရောက်ပြီးသူများအနေနဲ့ အတော်အသင့်လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို ရက်သတ္တပတ်တပတ်မှာ အနည်းဆုံး နှစ်နာရီနဲ့မိနစ်သုံးဆယ်ခန့် ပြုလုပ်သင့်ကြာင်း သိရပါတယ်။ တစ်ကြိမ်မှာဆိုရင် ဆယ်မိနစ်ခန့် ပြုလုပ်သင့်ပါတယ်။ အတော်အသင့် လှုပ်ရှားရတဲ့ အေရိုးဗစ်လေ့ကျင့်ခန်းတွေကတော့-

– လမ်းသွက်သွက်လျှောက်ခြင်း
– စက်ဘီးစီးခြင်း
– ပုံမှန်ရေကူးခြင်း
– ကခုန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

အလုပ်များပြီး လေ့ကျင့်ခန်းအတွက် အချိန်နည်းနည်းပဲပေးနိုင်ရင်တော့ တစ်ပတ်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း တစ်နာရီနဲ့၁၅မိနစ် လုပ်သင့်ပါတယ်။ အဆိုပါ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်ချိန်မှာ အသက်ရှူမြန်ဆန်လာစေပြီး နှလုံးခုန်နှုန်းကို သိသိသာသာမြန်ဆန်လာစေပါတယ်။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့

– ဖြည်းဖြည်းပြေးခြင်း
– စက်ဘီးအမြန်စီးခြင်း
– ရေကူးခြင်း
– ဘောလုံးကန်ခြင်း
– တောင်တက်ခြင်း စတာတွေ ဖြစ်ပါတယ်။

အတော်အသင့်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်းနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်အတွင်းမှာ တစ်လှည့်စီ လုပ်ဆောင်နိုင်ပါတယ်။ ပြင်းထန်တဲ့ အေရိုးဗစ်လေ့ကျင့်ခန်းကို တစ်မိနစ် ပြုလုပ်ခြင်းဟာ အတော်အသင့်လှုပ်ရှားရတဲ့ လေ့ကျင့်ခန်း နှစ်မိနစ်စာလောက် ပြုလုပ်ခြင်းနဲ့ ညီမျှပါတယ်။

ဒါပေမယ့် လေ့ကျင့်ခန်းပြုလုပ်ဖြစ်အောင် မိမိကိုယ်ကို သိပ်ပြီးဖိအားမပေးသင့်ပါဘူး။ ဘယ်လေ့ကျင့်ခန်းမှ ဟုတ်တိပတ်တိမလုပ်ဖြစ်ရင် လမ်းလျှောက်သင့်ပါတယ်။ လမ်းလျှောက်ခြင်းဟာ သိပ်ပြီး ကရိကထမများ သိပ်လည်းမပင်ပန်းဘဲ သင့်ကို အထောက်အကူပြုပါတယ်။


အလေးမလေ့ကျင့်ခန်းများ (resistance training)

ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးကျန်းမာရေးကို တိုးတက်စေမယ့် တခြားလေ့ကျင့်ခန်းတွေပဲ ဖြစ်ပါတယ်။ အေရိုးဗစ်လေ့ကျင့်ခန်းနဲ့ပါ တွဲဖက်လုပ်ဆောင်ရင် မကောင်းတဲ့ ကိုလက်စထရောကို ကျဆင်းစေပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေ၊ လေဖြတ်နိုင်ခြေတွေကို လျော့နည်းစေပါတယ်။ အလေးမလေ့ကျင့်ခန်းလို့ အလွယ်သုံး လိုက်ပေမယ့် တကယ်တော့ အလေးမခြင်းသာမဟုတ်ဘဲ သားရေပြားကို အားနဲ့ဆွဲခြင်း၊ ကမ္ဘာမြေဆွဲအားနဲ့ ဆန့်ကျင်ပြီး လှုပ်ရှားခြင်း စတာတွေ ပြုလုပ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့် ပြုလုပ်သင့်ပါတယ်။

ဒီလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ လက်မောင်း၊ ခြေထောက်၊ ခါး၊ ရင်အုပ်၊ ပခုံး၊ ဝမ်းဗိုက်၊ ကျော စတဲ့နေရာတွေက အဓိကကြွက်သားတွေကို လေ့ကျင့်ရပါမယ်။ လေ့ကျင့်ခန်းတွေကို နမူနာပြောရရင်

– အလေးမခြင်း
– သားရေပြားဆွဲခြင်း
– ဒိုက်ထိုးခြင်း
– ထိုင်ထပြုလုပ်ခြင်း
– ဆောင့်ကြောင့်ထိုင်လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကို သူ့အတွဲလိုက် လုပ်ဆောင်သင့်ပါတယ်။ တစ်မျိုးချင်းစီကို ၈ခါကနေ ၁၂ခါထိ ပြုလုပ်သင့်ပါတယ်။


ပျော့ပြောင်းသော လေ့ကျင့်ခန်းများ

ဒီလေ့ကျင့်ခန်းတွေဟာ နှလုံးရဲ့ကျန်းမာရေးကို တိုက်ရိုက် အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒါပေမယ့် ပုံမှန်လေ့ကျင့်ခန်းတွေ ပြုလုပ်သွားနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဥပမာ ယောဂနဲ့ ထိုက်ချိလေ့ကျင့်ခန်းတွေဟာ ပျော့ပြောင်းမှု၊ ဟန်ချက်ညီမှုကိုသာ တိုးတက်စေတာမဟုတ်ပါဘူး။ ကြွက်တက်ခြင်း၊ အဆစ်နာခြင်း၊ ကြွက်သားများ နာကျင်ခြင်း စတာတွေကိုလည်း လျော့နည်းသက်သာစေပါတယ်။

ဒီလေ့ကျင့်ခန်းများဟာ နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ တခြားကိုယ်လက်လေ့ကျင့်ခန်းတွေကို ပိုမိုချောမွေ့စွာ လုပ်ဆောင်နိုင်စေပါတယ်။ အားသာချက်ကတော့ ပျော့ပြောင်းမှု အသားပေး လေ့ကျင့်ခန်းများကို အချိန်မရွေး၊ နေရာမရွေး ပြုလုပ်နိုင်ခြင်းပါပဲ။ ကိုယ်လက်လှုပ်ရှားမှုမလုပ်ခင် သွေးပူပြုလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အကြောလျှော့ခြင်း စတာတွေကို ပုံမှန်ပြုလုပ်သွားသင့်ပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top