ကြက်သွန်နီ လေးရဲ့ အလှအပ ကောင်းကျိုးတွေ

25-6-2020-yyl-001.jpg

ဘယ်အိမ်ရဲ့ မီးဖိုချောင်ထဲကိုပဲ ဝင်ဝင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ မရှိတဲ့အိမ်ဆိုတာ အရှားသား။ အသုတ်လေးတွေ သုတ်စား၊ ဆီပြန်ဟင်းလေးတွေ ချက်စားလေ့ရှိတဲ့အတွက် ကြက်သွန်နီဟာ အခြေခံစားသောက်ကုန်ပါပဲ။ ကြက်သွန်နီဟာ စူးရှမွှန်ထူတဲ့ အနံ့ရှိပေမယ့် သူ့မှာပါတဲ့ အာဟာရဓာတ်တွေ၊ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကတော့ အံ့မခန်းပါပဲ။ ဒီထဲမှာ ဘယ်သူမှ သတိမထားကြတာကတော့ ကြက်သွန်နီဟာ အလှအပအတွက် သုံးနိုင်တယ်ဆိုတာပါပဲ။ ဒီအနံ့ပြင်းတဲ့ ကြက်သွန်နီက ဟုတ်ပါ့မလားလို့ ယူဆရင် အောက်ကဆောင်းပါးလေးကို ကြည့်ကြည့်ကြရအောင်။

ကြက်သွန်နီ ရဲ့ အလှအပကောင်းကျိုးများ

အရေးအကြောင်းတွေကို သက်သာစေတယ်။

လတ်ဆတ်တဲ့ ကြက်သွန်နီ အရွယ်တော်လေး တစ်လုံးကို ထက်ဝက်ခြမ်းပြီး အရည်ရအောင် ညှစ်ပါ။ ဒီအရည်ကို ဂွမ်းလုံးလေးနဲ့ တို့တို့ပြီး မျက်နှာ အနံ့လိမ်းပေးပါ။ ခဏကြာရင် ရေနွေးလေးနဲ့ ပြန်ဆေးချပါ။ ကြက်သွန်နီမှာ သွေးလည်ပတ်မှုကို ကောင်းစေတဲ့အတွက် အရေပြားကို တင်းရင်းပြီး အရေးကြောင်းကို ကင်းစေတယ်။ ငယ်ရွယ်နုပျိုတဲ့ အသားရေကို ပိုင်ဆိုင်ရမှာပါ။

က်ခြံကို ကုသပေးနိုင်တယ်။

လွယ်လွယ်ကူကူပဲ ကြက်သွန်နီကို အရည်ညှစ် မျက်နှာပေါ်မှာလိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးပါ။ ဒါမှမဟုတ် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းကို ရောပြီး မျက်နှာမှာ လိမ်းထားပါ။ ၁၅မိနစ်နေရင် ရေနဲ့ ပြန်ဆေးချပါ။ သူ့မှာပါတဲ့ ပိုးသေစေတဲ့ သတ္တိနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ သတ္တိကြောင့် ဝက်ခြံတွေကို သက်သာစေမှာပါ။

အသားအရောင် မညီတာတွေ၊ အစက်အပြောက်တွေကို သက်သာစေပါတယ်။

ကြက်သွန်နီမှာပါတဲ့ ဗီတာမင်စီက အမည်းစက်တွေ၊ တင်းတိပ်တွေ၊ အသားအရောင်မညီတာတွေကို ကုသပေးနိုင်ပါတယ်။ ပြုလုပ်နည်းကတော့

-ဒိန်ချဉ်အလွတ် စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းကို ရောပါ။ အမွှေးဆီ (လာဗင်ဒါအဆီ) ၄၊ ၅စက်လောက်ရောပါ။ မျက်နှာမှာလိမ်းပြီး လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံနှိပ်ပေးပါ။

-သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနဲ့ ကြက်သွန်နီအရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းကို ရောပါ။ ဂွမ်းလုံးနဲ့တို့ပြီး မျက်နှာမှာ လိမ်းပေးပါ။ ၁၀မိနစ် ၁၅မိနစ်လောက်နေရင် ရေနွေးလေးနဲ့ ဆေးချပါ။

-ကြက်သွန်နီအရည် စားပွဲတင်ဇွန်းတစ်ဇွန်းမှာ နနွင်းမှုန့် နည်းနည်း ထည့်ပြီး ရောပါ။ မျက်နှာမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ ခဏနေရင် ရေဆေးချပါ။

အသားအရေကို ဝင်းလက်စေတယ်။

ရေဓာတ်ပြည့်ဝပြီး glow skin ဖြစ်ဖို့ ကြက်သွန်နီက ကူညီပေးနိုင်ပါတယ်။ သူ့မှာပါတဲ့ antioxidants တွေ၊ ဗီတာမင်တွေက မျက်နှာ အသားအရေ ညစ်နွမ်းတာကို သက်သာစေပြီး ကျန်းမာပြီး ဝင်းလက်တဲ့ အသားအရည်ကို ပိုင်ဆိုင်စေမှာပါ။ ပြုလုပ်နည်းကတော့ ကြက်သွန်နီကို အရည်ညှစ်ပြီး မျက်နှာမှာ လိမ်း၊ ခဏနေရင် ရေပြန်ဆေးရုံပါပဲ။

အသားအရေကို ကြည်စေတယ်။

ကြက်သွန်နီက သွေးသန့်စေတဲ့ သတ္တိရှိပါတယ်။ ဒါကြောင့် အသားအရေလေးက ကြည်နေတာပေါ့။ ဒီလိုဖြစ်ဖို့အတွက်ဆိုရင် ကြက်သွန်နီအရည် စားပွဲတင်ဇွန်း နှစ်ဇွန်းနဲ့ gram flour တစ်ဇွန်း၊ နို့ တစ်ဇွန်း၊ မြေပဲအခွံမာ တစ်ဇွန်းကို ရောပါ။ ဒီအနှစ်ကို မျက်နှာအပါအဝင် လက်တွေ၊ ခြေထောက်တွေ၊ လည်ပင်းတွေမှာပါ လိမ်းလို့ရပါတယ်။ ၁၅မိနစ်နေရင်တော့ ရေဆေးချလိုက်ပါ။

နှုတ်ခမ်းသားကို နူးညံ့စေတယ်။

ကြက်သွန်နီအရည်ကို နှုတ်ခမ်းသားမှာ လိမ်းပေးမယ်ဆိုရင် ဆဲလ်အသေတွေကို ကွာကျစေတာကြောင့် နူးညံ့တဲ့ နှုတ်ခမ်းသားလေးကို ပိုင်ဆိုင်ရမှာပါ။

ဆံပင်တွေကို ကျန်းမာစေတယ်။

ကြက်သွန်နီကို အနှစ်ရအောင် ကြိတ်ပြီး ခေါင်းမှာ နှံ့နေအောင်လိမ်း၊ ပြီးရင် ခေါင်းစွပ်လေးစွပ်ပြီး တစ်ညထားလိုက်ပါ။ မနက်မိုးလင်းရင် ပုံမှန်အတိုင်း ခေါင်းလျှော်ပြီး ပျော့ဆေးသုံးပါ။ တစ်ပတ် တစ်ခေါက်လောက် ပုံမှန်လုပ်မယ်ဆိုရင်တောင် ဆံပင်ကျွတ်တာသက်သာပြီး ဗောက်တွေလည်း ပျောက်သွားမှာပါ။

ဒါတွေက ကြက်သွန်နီရဲ့ အလှအပနဲ့ ပတ်သတ်ပြီး ကောင်းကျိုးလေးတွေပါ။ ဒါပေမယ့် တချို့တွေမှာ ဓာတ်မတည့်မျိုးလည်း ဖြစ်နိုင်လို့ သုံးနေရင်းနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ ယားလာတာဆို ဆက်မသုံးဖို့ အကြံပေးချင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ အိမ်မှာတင် အလွယ်ရှိနေတာမို့လို့ ပုံမှန်လုပ်ဖြစ်ဖို့ ပိုများပါတယ်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top