ကပ်ဘေးကာလမှာ အခက်တွေ့စေမယ့် ရေဘေးအန္တရာယ်

covid-flood.jpg

ဧရာဝတီမြစ်ရေမြင့်တက်လာလို့ ဒီနေ့မနက်ပိုင်းက ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရဲ့ ရပ်ကွက်တချို့မှာ အိမ်ထဲအထိ ရေဝင်ခဲ့တယ်။ ဇူလိုင်လ ၁၂ ရက်က တိုင်းထွာချက်အရဆိုရင် ဧရာဝတီမြစ်ရေဟာ ကသာမြို့မှာ စိုးရိမ်ရေမှတ်အောက် ၃ ပေအကွာအထိ ရောက်ရှိနေပြီး နောက်(၃)ရက်အတွင်းမှာ စိုးရိမ်ရေမှတ်အထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်လာလို့ လူ ၇၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်းတွေ ပို့ဆောင်ခဲ့ရပါတယ်။

မနေ့တုန်းကလည်း ရန်ကုန်မြို့မှာ မိုးသည်းသည်းမဲမဲ ရွာသွန်းလို့ တချို့နေရာတွေမှာ ရေကြီးရေလျှံပြီး အိမ်ထဲရေဝင်တာမျိုးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဒီလိုကာလမျိုးရောက်ရင် မြန်မာနိုင်ငံမှာ ရေဘေးဒုက္ခ ကြုံရလေ့ရှိပါတယ်။ အဆိုးရွားဆုံးကတော့ ၂၀၁၅ ခုနှစ်ပါပဲ။ ၂၀၁၅ ခုနှစ်တုန်းက တနင်္သာရီတိုင်းဒေသကြီးနဲ့ ကယားပြည်နယ်ကလွဲပြီး ကျန် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။ အဆိုးရွားဆုံးကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေပါပဲ။ ရေဘေးကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူဦးရေ ၁၆ သိန်းကျော် အခက်တွေ့ခဲ့ရပါတယ်။

နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ငွေကျပ် ၁၆၅ ဘီလျံရှိခဲ့တယ်လို့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ ဒါဟာ နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ ဒုတိယအဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်လို့တောင် သတ်မှတ်ခဲ့ရပါတယ်။ ဒီနှစ်လည်း ဝါထပ်လို့ မိုးရေချိန်မြင့်မားပြီး ရေကြီးရေလျှံမှုတွေဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ (ဒါပေမဲ့ ခြွင်းချက်အနေနဲ့တော့ အညာဒေသမှာ မိုးလုံးဝမရွာလို့ စိုက်ရပျိုးရမယ့်တောင်သူတွေ အခက်တွေ့နေကြပါတယ်)

တရုတ်နိုင်ငံတောင်ပိုင်းမှာလည်း မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးရေလျှံလို့ လူ ၃၄ သန်းလောက် ရေဘေးဒဏ်ခံစားနေရပါတယ်။ နေရပ်စွန့်ခွာရသူကတော့ ၄ သိန်းကျော် ရှိပါတယ်။ တရုတ်နိုင်ငံ အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက ကုန်းတွင်းပိုင်းသွား စက်လှေတွေ၊ ရွက်ဖျင်တဲတွေ၊ ခေါက်ခုတင်တွေ၊ စောင်တွေ စတဲ့ အထောက်အပံ့ပစ္စည်းတွေ ပေးပို့ခဲ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ဒီနှစ်မှာသာ ရေဘေးဒုက္ခ ကြုံရမယ်ဆိုရင် တော်တော်လေး ရတက်ပွေရမယ့်အနေအထားပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နေရတဲ့ အခြေအနေမှာ ရေဘေးပါ ထပ်ဆင့်ကြုံလာမယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်ရတော့မှာပါ။ နောက်တစ်ချက်က လူစုလူဝေးလုပ်လို့မရ၊ တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းမျဉ်းတွေရှိနေလို့ ရေဘေးကြုံရရင် ကယ်ဆယ်ရေးစခန်းမှာ အရင်ကလို စုပြုံနေလို့ရမှာမဟုတ်ပါဘူး။ ဒါဆိုရင် အရင်က ကယ်ဆယ်ရေးစခန်း ၁ ခုဖွင့်ရမယ်ဆိုရင် လက်ရှိအခြေအနေက ကယ်ဆယ်ရေးစခန်း ၃ ခုလောက်ဖွင့်ရဖို့ရှိပါတယ်။ ပြီးတော့ ကယ်ဆယ်ရေးလုပ်ဖို့၊ အထောက်အပံ့ပစ္စည်းတွေ ပေးအပ်ဖို့၊ ပြန်လည်ထူထောင်ရေးလုပ်ဖို့ စတဲ့ကိစ္စတွေကလည်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမို့ အခက်တွေ့ရဦးမယ့်အနေအထားပါ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့ တိုက်တွန်းရင်းနဲ့ပဲ အဆုံးသတ်ပါရစေ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top