သင်္ကြန်ပိတ်ရက်အတွင်းမှာ ခရီးသွားတော့မယ်ဆိုရင်

Puchong-Pannoi-1024x6811.jpg

တစ်နှစ်ပတ်လုံးမှာ အလုပ်ပိတ်ရက် ရှည်ရှည်ရတာဆိုလို့ သင်္ကြန်ပိတ်ရက် တွေပဲရှိတာပါ။ ရက်ရှည်အနားယူ ခရီးထွက်ဖို့အတွက် အသင့်တော်ဆုံးအချိန်ကလည်း တစ်နှစ်ပတ်လုံးမှာ ဒီအချိန်လေးကသာ အကောင်းဆုံး ဖြစ်နေပါတယ်။ သားသား မီးမီးတို့လည်းကျောင်းတွေ ပိတ်တယ်၊ ဖေဖေ မေမေ ဦးဦး ဒေါ်ဒေါ် တို့လည်း ရုံးတွေပိတ်၊ ဆုကြေးငွေတွေ ရထားတဲ့အချိန်မို့ အနားယူဖို့အတွက် ကိုယ်ရောစိတ်ပါ အဆင်ပြေဆုံး အချိန်လေးပဲဖြစ်ပါတယ်။

သင်္ကြန်တွင်းခရီးသွားတဲ့အခါ မြန်မာနှစ်ကူး သင်္ကြန် အငွေ့အသက်လေးများကိုလည်း ခံစားရအောင်၊ ခရီးသွားတဲ့ ရသလေးလည်း မပျောက်အောင် ဘယ်ကိုသွားရင် အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ ရိုးရာလေး ပရိသတ်ကြီးအတွက် အကြံပေးလိုက်ပါတယ်။

ပုဂံ

ပထမဆုံးအနေနဲ့ သင်္ကြန်တွင်း သွားရောက်လည်ပတ်ဖို့ တိုက်တွန်းချင်တဲ့ နေရာတစ်ခုကတော့ မြန်မာတို့ရဲ့ အသဲနှလုံး ပုဂံမြေပါ။ သင်္ကြန်တွင်းမို့ အခြား ပိတ်ရက်တွေလိုမျိူး ပုဂံမှာ ခရီးသွား မများပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ သာယာလှတဲ့တဲ့ အညာမြေက ချစ်စရာ ကလေးငယ်တွေ၊ နိုင်ငံခြားသား ခရီးသွားတွေနဲ့အတူ သင်္ကြန်ရေ အပျော် ဆော့ကစားလို့လည်း ရပါတယ်။

ပုဂံမြို့ဟောင်းနဲ့ မြို့သစ် နှစ်ခုမှာ ပုဂံမြို့ဟောင်းဘက်က ပိုပြီးတော့ အညာမြေ အငွေ့အသက် ရရှိနိုင်ပါတယ်။ ပုဂံ အနီးနားမှာရှိတဲ့ ရွာတွေနဲ့ ဧရာဝတီ တစ်ဖက်ကမ်း ပခုက္ကူမြို့ဘက်ထိကို ဆက်သွားနိုင်ပါသေးတယ်။ ပိတ်ရက်အတွင်း ပုဂံ၊ ပုပ္ပါး၊ ပခုက္ကူနဲ့ အချိန်ရသေးမယ်ဆိုရင် မုံရွာ အထိပါ ခရီးဆက်သွားနိုင်ပါတယ်။ မုံရွာ ဗောဓိတစ်ထောင်မှာတော့ သင်္ကြန်တွင်း ခရီးသွား များတတ်ပါတယ်။

ကလော သို့မဟုတ် ချင်းပြည်နယ်က နတ်မတောင်

နာမည်တွေ ကြားလိုက်ရုံနဲ့တင် ချမ်းစိမ့်စိမ့်လေး ဖြစ်သွားမှာနော်။ သင်္ကြန်တွင်း ကလောမှာတော့ ရေကစားတာ နည်းနည်း ရှိပေမဲ့ ချင်းပြည် ကန်ပက်လက်မှာတော့ ရေမဆော့သလောက်ပါပဲ။ တောင်ပေါ်မြေ သွားချင်ပေမဲ့ အအေးကြောက်တဲ့သူများနဲ့ သင်္ကြန်ရေမဆော့ပဲ ခရီးထွက် အပန်းဖြေလိုသူများအတွက် အထူးအဆင်ပြေစေမယ့် ဒေသတွေပဲဖြစ်ပါတယ်။

နတ်မတောင်အနီး ကန်ပက်လက်မြို့က ဟိုတယ် တည်းခိုခန်းများမှာ စာအုပ်ဖတ် အနားယူ ၊တောင်ပေါ်ဒေသမှာ လှပတဲ့ သဘာဝ ရှုခင်းများနဲ့အတူ ဓာတ်ပုံရိုက်ရင်း စိတ်ပျော်ရွှင် ချမ်းမြေ့စေမယ့် ခရီးစဉ်တစ်ခု ဖြစ်စေမှာပါ။

ကလော မြို့မှာဆိုရင်လည်း ပလောင်တောင်တစ်ဝှိက်မှာ စက်ဘီးစီးရင်းနဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိင်ပြီး ပိတ်ရက်ကို စိတ်ကြည်နူးစွာ ဖြတ်သန်းနိုင်ပါတယ်။ ကလောကနေ အင်းလေးကန်အထိ ဆက်လက် ခရီးဆက်သွားမယ်ဆိုရင်လည်း အသင့်တော်ဆုံး ရာသီချိန် ဖြစ်ပါတယ်။

ငပလီ

သင်္ကြန်တွင်းမှာ ကမ်းခြေတွေဆီ ခရီးထွက်ဖို့ကတော့ မရိုးနိုင်ပါဘူး။ ဒါပေမဲ့ ချောင်းသာနဲ့ ငွေဆောင်ထက် ခရီးသွားဦးရေနည်းပါးတဲ့ ငလီကို သွားရောက် အပန်းဖြေဖို့ တိုက်တွန်းချင်ပါတယ်။ ပိုပြီးလှပတဲ့ ရူခင်းတွေရှိတယ်။ ကမ်းခြေမှာလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေ ရေဆော့ကစားတာတွေကလည်း တစ်မူထူးခြားလို့ နေမှာပါ။

ငပလီကမ်းခြေမှာ ပြုလုပ်တဲ့ ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်မှာ ရေကစားနိုင်ပြီး စတုဒီသာ မဏ္ဍပ်တွေမှာလည်း ပျော်ပျော်ရွှင်ရွှင် သုံးဆောင်နိုင်ပါတယ်။ ညဘက်ပိုင်း မီးပုံပွဲလေးနဲ့အတူ သီချင်းလေးတွေ ဝိုင်းဖွဲ့ပြီးသီဆိုကြတာကလည်း ဘယ်နေရာမှာမှ မရနိုင်တဲ့ ပျော်ရွှင်မှု တစ်ခုပဲ ဖြစ်ပါတယ်။

ဘယ်အချိန် ဘယ်ခရီးစဉ်ကိုပဲသွားသွား ဒေသတိုးတက်မှုနဲ့ ရေရှည်တည်တံ့ဖို့ကို ရှေးရူပြီး အမှိုက်စွန့်ပစ်မူကို သတိထား ဆင်ခြင်စေလိုပါတယ်။ ရိုးရာလေးပရိသတ်တွေရော ဒီနှစ် သင်္ကြန်မှာ ဘာတွေလုပ်မလဲ … ဘယ်ကို ခရီးထွက်မလဲဆိုတာကိုလည်း ဝေမျှပေးခဲ့ကြပါအုံးနော်။ သင်္ကြန်တွင်း ပိတ်ရက်ရှည်မှာ နွေ နေပူကို ရှောင်ရင်း မမေ့နိုင်စရာ ခရီးစဉ်လေးများ ဖန်တီးနိုင်ကြပါစေ။

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top