Vape (သို့) ထူးမခြားနားတဲ့ e-စီးကရက်များ

man-vaping-an-electronic-cigarette-65MVR8B.jpg

e-စီးကရက်လေးကို ဟန်ပါပါနဲ့ ဖွာရင်း လမ်းလျှောက်လာတဲ့ လူငယ်လေးတချို့ကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ မြင်ရတတ်တာဟာ ခုခေတ်မှာ သိပ်ပြီး ထူးဆန်းတဲ့ ကိစ္စမဟုတ်တော့ပါဘူး။ တချို့ကတော့ စီးကရက်ဖြတ်ချင်လို့ e- စီးကရက်ကို အစားထိုးသောက်တာလို့ ပြောကြပါတယ်။ ဒါပေမဲ့ တကယ် ပြတ်သွားကြတာမျိုးကို ခုထိ တွေ့ကို မတွေ့ဖူးသေးတာပါ။

e စီးကရက်တွေဟာ အန္တရာယ် မရှိနိုင်ဘူးလို့ ထင်စရာရှိပေမဲ့ သူ့ရဲ့ဆိုးကျိုးက အတော်လေး ရင်ထိတ်စရာကောင်းနေတာကို လေ့လာ စူးစမ်းမှုတွေအရ သိလာရပါတယ်။ ဆေးပညာဆိုင်ရာ စမ်းသပ်ချက်တစ်ခုကတော့ ဆေးရွက်ကြီးကို အခြေခံ ထုတ်လုပ်ထားတဲ့ စီးကရက်တွေကို သောက်သုံးသူတိုင်းဟာ ကင်ဆာရောဂါ ဖြစ်နိုင်ချေ အများဆုံး ရှိပြီး e- စီးကရက် တစ်မျိုးပဲ သောက်တဲ့သူတွေကတော့ ဘာကိုမှ မသောက်တတ်တဲ့သူတွေထက် ကင်ဆာဖြစ်နိုင်ချေ ပိုများတတ်ကြောင်း ဆိုထားပါတယ်။

“e- စီးကရက်မှာ ထည့်သုံးတဲ့ သဘောကျ စွဲမက်စရာ အနံ့ မှန်သမျှမှာ သဘာဝအတိုင်း ဖန်တီးထားတာ တစ်ခုမှ မပါဝင် ပါဘူး။ အားလုံးက ဓာတုပစ္စည်းတွေနဲ့ချည်း ဖော်စပ် ထုတ်လုပ်ထားတာတွေပါ။ ပြီးတော့ ဒီလို ထုတ်လုပ်နေတာကလည်း အမြစ်တွယ် ခိုင်မာနေပါပြီ။ အခုဆိုရင် ဒီပစ္စည်းတွေကို သုံးနေကြတဲ့ အရွယ်ရောက်ပြီးသူတိုင်းရဲ့ ကိုယ်ထဲမှာ အန္တရာယ်ကြီး ဓာတုပစ္စည်းတွေ ရှိနေတဲ့ကြောင်း ကျိန်းသေပေါက် ပြောလို့ရပါတယ်” လို့ ကယ်လီဖိုးနီးယား တက္ကသိုလ် လေ့လာရေးအဖွဲ့က ဆိုပါတယ်။

နီကိုတင်းနဲ့ အမွှေးရနံ့တို့ နှစ်မျိုးကို ပေါင်းစပ်ပြီး စီးကရက်ငွေ့နဲ့ဆင်ဆင် ရေငွေ့တွေ ဖြစ်လာစေတဲ့ ဒီပစ္စည်းက သူဟာ စီးကရက်ထက် ပိုပြီးဘေးကင်းတယ်၊ စီးကရက် အစားထိုးနည်းတစ်ခု ဖြစ်တယ်လို့ သုံးစွဲသူတွေ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်နေပါတယ်။ အမှန်တော့ ဒီပစ္စည်းကြောင့်ပဲ ဆယ်ကျော်သက်တွေဟာ နီကိုတင်းကို ပိုစွဲလမ်းသွားပြီး စီးကရက်ကိုပါ သောက်သုံးဖြစ်သွားကြတာ ဖြစ်ပါတယ်။

အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတာကြောင့် e- စီးကရက်တွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဟာ မှန်းထားတာထက်ကို ပိုများနေနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ ဓာတုပစ္စည်းတွေကို ရသာပစ္စည်းများ (Flavourings) ဆိုတဲ့ နာမည်နဲ့ ဗူးခွံပေါ်က ပါဝင်ပစ္စည်းစာရင်းထဲမှာ ဖုံးကွယ်ထားတတ်ပါတယ်။

ဒေါက်တာ မာ့ခ် ရူဘင်စတိန်းနဲ့ လုပ်ဖော်ကိုင်ဘက်တွေဟာ e- စီးကရက်ကိုသာ သောက်သုံးတဲ့ ဆယ်ကျော်သက် ၆၇ ဦးကို စီးကရက်ရော e- စီးကရက်ပါသောက်တဲ့ ဆယ်ကျော်သက် ၁၆ဦး၊ နှစ်မျိုးလုံးကို လုံး၀ မသောက်တဲ့ ဆယ်ကျော်သက် ၂၀ဦး တိုနဲ့ နှိုင်းယှဉ် စမ်းသပ်မှု တစ်ခု လုပ်ခဲ့ပါတယ်။ သူက အားလုံးဆီကနေ ဆီး၊ သွေး နမူနာတွေ ရယူ စစ်ဆေးပြီး မေးခွန်းတွေကိုလည်း မေးမြန်းခဲ့ပါတယ်။

အဲဒီအခါ နှစ်မျိုးစလုံးကို သုံးစွဲတတ်သူတွေဆီမှာ အခရွိုင်လိုနိုက်ထရွိုင်းလ်၊ အခရိုလင်း၊ ပရိုပိုင်လင်း အောက်ဆိုဒ်၊ အခရိုင်လမိုက်ဒ်နဲ့ ခရိုတွန်နယ်လ်ဒီဟိုက်ဒ် တို့လို ပြင်းထန်တဲ့ အဆိပ်ဓာတ်တွေ အများဆုံးရှိနေတာ တွေ့ရပြီး e- စီးကရက်ကိုပဲ သောက်သူတွေကတော့ လုံး၀ မသောက်သူတွေထက် ပိုများတဲ့ အဆိပ်ပမာဏ ရှိနေတာကို တွေ့ခဲ့ရပါတယ်။

အခြား သုတေသနအဖွဲ့တွေက e- စီးကရက်ရဲ့အငွေ့ထဲမှာ ဒိုင် အက်ဆီတိုင်းလ်လို ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းမျိုးကိုတောင် တွေ့ရကြောင်း ထုတ်ဖော် ပြောပြထားပါတယ်။

ဆယ်ကျော်သက်တွေရဲ့ စီးကရက် သောက်သုံးမှုကို လေ့လာပြုစုထားတဲ့ အချက်အလက်တွေအရတော့ အများစုဟာ စီးကရက်ထက် e- စီးကရက်ကို ပိုသောက်ဖြစ်နေကြပြီး အထက်တန်းကျောင်းသားအားလုံးရဲ့ ၂၀%လောက်ဟာဆိုရင် မေးမြန်းမှုကို မဖြေဆိုမီ မကြာခင်ကပဲ ဆေးရွက်ကြီးနဲ့ ဆက်စပ်တဲ့ တစ်စုံတစ်ခုကို အနည်းဆုံး တစ်ကြိမ်လောက်တော့ သုံးထားတယ် လို့ ဖြေကြပါတယ်။

“e- စီးကရက်တွေက ထွက်လာတဲ့ အငွေ့တွေဟာ ရေငွေ့လိုမျိုး လုံးဝမဟုတ်ဘဲ ပုံမှန် စီးကရက်တွေက ထွက်တဲ့ အဆိပ်ငွေ့နဲ့ ဘာမှ မခြားဘူး ဆိုတာ ဒီလူငယ်လေးတွေကို ပြောပြပြီး ထိန်းကျောင်းပေးဖို့ လိုပါတယ်… ကျွန်တော့်သဘောကတော့ သူတို့ကို ဒီလို အဆိပ်ငွေ့တွေအစား သန့်ရှင်းလတ်ဆတ်တဲ့ လေကောင်းလေသန့်ကိုသာ ရှုရှိုက်ကြစေချင်တာပါပဲ” လို့ ဒေါက်တာ ရူဘင်စတိန်းက သူ့ရဲ့သဘောထားကို ပြောပြခဲ့ပါတယ်။

Ref: NBC news

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top