ဝန်ထမ်းတစ်ယောက်ချင်းစီကို ဒေါ်လာ ၁၀,၀၀၀ ပေးလို့ ကမ္ဘာမှာ အကောင်းဆုံးသူဌေးအဖြစ်အမည်တပ်ခံခဲ့ရတဲ့ကုမ္ပဏီပိုင်ရှင်

25-10-2021yyl07.png

ကုမ္ပဏီပိုင်ရှင်အမျိုးသမီးတစ်ဉီး ဆာရာ ဘလိတ်ခ်လီ (Sara Blakely) ဟာ သူ့ရဲ့ဝန်ထမ်းတွေအားလုံး စိတ်ကျေနပ်စေမယ့် လက်ဆောင်တွေ ပေးပြီးတဲ့နောက်မှာတော့ ကမ္ဘာမှာ အကောင်းဆုံးသူဌေးအဖြစ် အမည်တပ်ခံနေရပါတယ်။ သူ့ရဲ့ကုမ္ပဏီ Spanx ဟာ မကြာသေးခင်ကမှ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ Blackstone က အဓိကအစုရှယ်ယာတွေ ထည့်ဝင်ပြီးတဲ့နောက်မှာ Spanx ရဲ့တန်ဖိုးက ဒေါ်လာ ၁.၂ ဘီလျံဖြစ်သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက် ဆာရာက ဝန်ထမ်းတွေနဲ့အတူ ဂုဏ်ပြုပါတီကျင်းပဆင်နွှဲခဲ့ကြပါတယ်။ အဲဒီပါတီအတွင်းမှာ ဆာရာက ဝန်ထမ်းတွေအားလုံး အံ့အားသင့်သွားလောက်အောင် သူတို့သွားချင်တဲ့ ဘယ်နေရာမဆို သွားလို့ရနိုင်မယ့် ပထမတန်းစားလေယာဉ်လက်မှတ် (၂) စောင်စီနဲ့အတူ ဒေါ်လာ ၁၀,၀၀၀ စီ ရမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

Spanx ကုမ္ပဏီမှာ ဝန်ထမ်း (၅၀၀) ကျော်ရှိတဲ့အတွက် ဝန်ထမ်းတွေကို ဆာရာပေးတဲ့ပမာဏက တော်ရုံပမာဏတော့မဟုတ်ပါဘူး။ အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ ဝန်ထမ်းတွေကို ပါတီပွဲအတွင်း ဆာရာပြောခဲ့တဲ့ ဗီဒီယိုဖိုင် ပျံ့နှံ့လို့နေပါတယ်။ ဗီဒီယိုမှာ ဆာရာက ဝန်ထမ်းတွေအားလုံးကို စုဝေးစေပြီး “ငါ ဘာလို့ ကမ္ဘာလုံးကို လှည့်နေတာလဲ”သိလားလို့ မေးခဲ့ပါတယ်။

“ငါ မင်းတို့တစ်ယောက်ချင်းစီအတွက် ကမ္ဘာပေါ်က ဘယ်နေရာမဆို သွားလို့ရမယ့် ပထမတန်းစားလက်မှတ် (၂) စောင်စီ ဝယ်ထားတယ်၊ မင်းတို့ ခရီးတစ်ခုသွားရင် အမိုက်စားညစာစားချင်မိကြမယ်၊ ကောင်းတဲ့ဟိုတယ်မှာ တည်းချင်ကြမယ်။ ဒါကြောင့် ပထမတန်းစားလက်မှတ် (၂) စောင်စီနဲ့အတူ ဒေါ်လာ ၁၀၀၀၀စီလည်း ရမယ်”လို့ ဆာရာက သူ့ဝန်ထမ်းတွေအားလုံးကို ပြောခဲ့ပါတယ်။

ဆာရာက ဝန်ထမ်းတွေမပါဘဲနဲ့ သူ့ရဲ့ကုမ္ပဏီအခုလိုဖြစ်လာမှာမဟုတ်သလို သူ့ရဲ့အိပ်မက်ကို ဖမ်းဆုပ်နိုင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်လည်းဖြစ်လာမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဆာရာက Spanx ကို ဒေါ်လာ ၅၀၀၀ နဲ့ စတင်ခဲ့ပြီး တစ်နေ့ကျရင် ကုမ္ပဏီက ဒေါ်လာ သန်း ၂၀ ဖြစ်လာရဖို့ မျှော်လင့်ခဲ့တာပါ။

ဆာရာက သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အပြင် အမျိုးသမီးစွန့်ဉီးတီထွင်လုပ်ငန်းရှင်တွေကို အကူအညီပေးတဲ့ Bakely’s Red Backpack Fund ဆိုတဲ့ ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပါတယ်။ ဆာရာရဲ့ဘဝဆောင်ပုဒ်က “သင့်မှာ ဘဝအတွေ့အကြုံတွေများလေလေ အခြားသူတွေကို လက်ဆင့်ကမ်းပေးဖို့ အတွေ့အကြုံများလေလေပဲ”ဆိုတာပါပဲ။

Ref: Ladbible “Boss Gives Her Staff $10,000 Each And Two First Class Tickets Anywhere”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top