အရုပ်ကားက ဖုန်းနံပါတ်ကိုဆက်ပြီး မိခင်ရဲ့အသက်ကို ကယ်ခဲ့တဲ့ ကယ်တင်ရှင်လေး

27-8-2020-yyl-004.jpg

လူတစ်ယောက်ရဲ့အသက်ကို လူတန်းစားမရွေး ကယ်တင်လို့ရတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲက အသက် (၅) နှစ်အရွယ်ကလေးလေးက သက်သေပြလိုက်ပါပြီ။ အင်္ဂလန်နိုင်ငံက ဂျော့ချ် (Josh) ဆိုတဲ့ ကလေးလေးဟာ သူ့မိခင်ရဲ့အသက်ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ ချီးကျူးခံနေရပါတယ်။ သူဟာ သူ ကစားနေကျ အရုပ်လူနာတင်ကားပေါ်မှာ ရေးထားတဲ့ဖုန်းနံပါတ်ကို ဆက်ပြီး အရေးပေါ်ကားကို ခေါ်နိုင်ခဲ့တာပါ။

ဂျော့ချ်က သူ့မိခင် ကြမ်းပြင်ပေါ်မှာ သတိမေ့လဲကျနေတာကို မြင်တွေ့ခဲ့ပြီး သူ့အရုပ်ကားမှာ ရေးထားတဲ့ ဖုန်းနံပါတ်ကို တွေ့ကာ အရေးပေါ်ဖုန်းနံပါတ် ၁၁၂ ကို ဆက်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့နဲ့သူ့အမေကို ကယ်တင်နိုင်မယ့် ရဲတပ်ဖွဲ့အော်ပရေတာနဲ့ အဆက်သွယ်ရခဲ့ပါတယ်။ မကြာခင်မှာ ဂျော့ချ်ရဲ့အိမ်ကို ရဲအရာရှိတွေနဲ့ ကျန်းမာရေးအဖွဲ့ ရောက်လာခဲ့ပြီး ကြမ်းပြင်မှာ သတိမေ့မျောနေတဲ့သူ့အမေနဲ့အတူ သူ့မောင်လေးကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက် ကျန်းမာရေးအဖွဲ့က သူ့မိခင်ကို အချိန်မီဆေးကုသ ပေးနိုင်ခဲ့ပါတယ်။

ဂျော့ချ် သတ္တိရှိစွာနဲ့ အချိန်မီဖုန်းဆက်နိုင်ခဲ့လို့ သူ့မိခင် အသက်ရှင်နိုင်ခဲ့တာပါ။ သူ့အမေကို အခုလိုသတ္တိရှိစွာ ကယ်တင်ခဲ့တာကြောင့် ဂျော့ချ်ကို လူတော်တော်များများက ချီးကျူးမဆုံးဖြစ်နေကြရပါတယ်။ ဂျော့ချ်နေထိုင်ရာ Telfotd က ရဲစခန်းရဲ့ရဲမှူး ဂျင် ဘိတ်ကာ (Jim Baker) က ဂျော့ချ်ကို သူတို့တွေ သဘောကျနေကြတယ်လို့ ဆိုပါတယ်။

“ဒီလိုလုပ်တာက ဂျော့ချ်အတွက် မယုံနိုင်လောက်စရာအရာတစ်ခုပါပဲ။ သူ့အမေကို စိုးရိမ်ပူပန်နေတဲ့အတွက် သူ့ရဲ့ဖြတ်ထိုးဉာဏ်ကောင်းမှုက သူ့အရုပ်ကားပေါ်က ဖုန်းနံပါတ်ကို မြင်တွေ့စေခဲ့တာပါ။ သူက အရမ်းသတ္တိရှိပြီး ကျွန်တော်တို့ သူ့ရဲ့အိမ်ကို ရောက်တဲ့အထိ ဘယ်မှမသွားဘဲ သူ့အမေဘေးမှာပဲ နေခဲ့ကာ ကျန်းမာရေးအဖွဲ့ရဲ့ဆေးကုသမှုကို ခံယူနိုင်ခဲ့တာပါ။ ဂျော့ချ်က အနာဂတ်မှာ တော်တဲ့ရဲအရာရှိ ဖြစ်လာမယ်ဆိုတာကို သက်သေပြသွားခဲ့တာပါ။ ကျွန်တော် သူ့ကို ရဲအရာရှိတစ်ယောက်အနေနဲ့ မြင်တွေ့ခွင့်ရနိုင်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

အသက်ငယ်ငယ်လေးနဲ့ အခြားသူတွေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တွေ အရင်ကလည်းရှိခဲ့ဖူးပါတယ်။ အခုလည်း ဂျော့ချ်က သူ့အမေရဲ့အသက်ကို ကယ်တင်ခဲ့တဲ့ ကယ်တင်ရှင်လေးအဖြစ် အသိအမှတ်ပြုခံနေရပါပြီ။

Ref: Ladbible “Boy Helps Save Mum’s Life After Calling Number On Toy Ambulance”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top