ထိုင်းစက်ရုံတစ်ခုက မြန်မာလုပ်သားတွေကို နှင်ထုတ်ပြီး တခြားပြည်နယ်မှာ စွန့်ပစ်ထားခဲ့

23-12-2020-yyl15.jpg

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ ဆမတ်ဆခွန်ပြည်နယ်မှ စက်ရုံတစ်ခုဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ညမှာ မြန်မာလုပ်သားတွေကို နှင်ထုတ်ပြီး တခြားပြည်နယ်မှာ စွန့်ပစ်ထားခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ နှင်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၂၃ ယောက်ဟာ ပြီးခဲ့တဲ့တစ်လလောက်ကမှ ဆမတ်ဆခွန်ပြည်နယ်၊ မြောင်ခရိုင်မှာရှိတဲ့ STI Precision Co ပလတ်စတစ်စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တာပါ။

စက်ရုံကို ရဲအရာရှိတွေ လာရောက်စစ်ဆေးမှာဖြစ်လို့ သူတို့ကို စက်ရုံမှာ ဆက်နေခွင့်မပေးနိုင်တော့ဘူး၊ အာဏာပိုင်တွေက မမြင်အောင် ရာယောင်းပြည်နယ်က သစ်တောထဲမှာ သွားပုန်းနေဆိုပြီး မြန်မာလုပ်သား ၂၃ ယောက်ကို စက်ရုံဝန်ထမ်းတစ်ယောက်က ဗန်ကားပေါ် တင်ပေးခဲ့တာပါ။ မြန်မာလုပ်သား ၉ ယောက်ကတော့ လမ်းမှာဆင်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာလုပ်သား ၁၄ ယောက်က တောထဲ မသွားချင်ဘူးလို့ ပြောပြီး သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ၊ အသိအကျွမ်းတွေရှိတဲ့ ဆမတ်ပရာကန်ပြည်နယ်၊ ဘန်ဖလီခရိုင်က စက်ရုံကို ပို့ခိုင်းခဲ့တာပါ။ ဒါပေမဲ့ စက်ရုံပိုင်ရှင်က စက်ရုံထဲ ပေးဝင်ဖို့ ငြင်းဆန်ခဲ့ပြီး ည ၁၁ နာရီလောက်မှာ ဘန်ကဲရဲစခန်းက ရဲတွေ ရောက်ရှိလာခဲ့ပါတယ်။

မြန်မာလုပ်သား ၁၄ ယောက်ထဲမှာ ၆ ယောက်ပဲ နိုင်ငံကူးလက်မှတ်ရှိတယ်လို့ ဆိုပါတယ်။ မြန်မာလုပ်သားတွေက ကိုဗစ်-၁၉ ရောဂါ စစ်ဆေးထားခြင်းမရှိတဲ့အတွက် နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်နမူနာယူပြီး အသွားအလာကန့်သတ်ထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့က ပလတ်စတစ်စက်ရုံပိုင်ရှင်ကိုလည်း ဆက်သွယ်ထားတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာလုပ်သားတွေအပေါ် အခုလို ဆက်ဆံခဲ့တဲ့ ထိုင်းစက်ရုံကို ဝင်ရောက်စီးနင်းရှာဖွေပြီး စက်ရုံပိတ်ပစ်သင့်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနရဲ့ သတင်းဖော်ပြချက်အောက်မှာ မှတ်ချက်ပေးသူတွေ ရှိနေပါတယ်။

Ref: Bangkok Post ” Covid-zone workers dumped in Samut Prakan”
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top