ခြေဖနောင့်ကွဲတာကို ဖြေရှင်းပေးမယ့် နည်းလမ်းများ

foot.png

ခြေထောက်တွေ အသားမာတက်ပြီး ခြေဖနောင့်ကွဲတာမျိုးတွေကို စိတ်ညစ်ရတဲ့ အခိုက်အတန့် ရှိခဲ့ဖူးကြမှာပါ။ တော်တော်များများကလည်း ခြေထောက်ကို အချိန်ပေးပြီး သန့်ရှင်ရေး မလုပ်ကြဘူးဆိုတော့ အချိန်ကြာလာတာနဲ့ အမျှ ခြေဖနောင့်မှာ ဆဲလ်သေတွေပုံထပ်ပြီး အထူကြီးဖြစ်လာတာကနေ ခြေဖနောင့်ကွဲတာတွေ စဖြစ်တော့တာပါပဲ ။

ခြေဖနောင့်ကွဲတာရဲ့ အကျည်းတန်ဆုံးအချိန်ကို ပြောပါဆိုရင် ကွဲနေတဲ့အကြောင်းလေးတွေကြားထဲမှာ ချေးတွေဝင်ပြီး အမဲကြောင်းတွေဖြစ်နေတဲ့အချိန်ပါပဲ။ အဆိုးဝါးဆုံးအချိန်ဆို ကွဲနေတဲ့ အသားကြောင်းထဲမှာ ဖုန်တွေကပ်ပြီး ပိုးတွေဝင်ကာ လမ်းတောင်မလျှောက်နိုင်အောင်နာတဲ့ အချိန်ပါပဲ။ စိတ်အညစ်ရဆုံးကတော့ ဒေါက်ဖိနပ်လှလှလေးတွေ ကိုယ့်မှာစီးချင်ပေမယ့် ကွဲနေတဲ့ အကျည်းတန်ခြေဖနောင့်ကြောင့် နောက်ပိတ်ဖိနပ်တွေကိုပဲ ကျိတ်မှိတ်စီးခဲ့ရတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။

ဒါဆို ဒီလို လူကိုလည်း ဒုက္ခပေး၊ စိတ်ကိုလည်း အနှောင့်အယှက်ဖြစ်စေ၊ လူတိုင်းလည်း ကြုံဖူးနေကြဖြစ်တဲ့ ခြေဖနောင့်ကွဲတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

ခြေဖနောင့်ကွဲတာဟာ ပိုးဝင်ပြီး ရောင်ရမ်းတာမျိုးမဖြစ်ခဲ့ဘူးဆိုရင် ဆရာဝန်ဆီ သွားစရာမလိုဘဲ အိမ်မှာတင် ဖြေရှင်းလို့ရတဲ့ ပြဿနာတစ်ခုပါ။

  • အစိုဓာတ်ထိန်းခရင်မ်လိမ်းပါ။ – အရေးအကြီးဆုံး အချက်ပါ။ အသားခြောက်လို့ ခြေဖနောင့်တွေ ကွဲရတာဆိုတော့ ဒီ အသားခြောက်တာကိုကိုဖြေရှင်းဖို့အတွက် အစိုဓာတ်ထိန်းခရင်မ် မပါလို့မဖြစ်ပါဘူး။
  • ရေချိုးတိုင်း ခြေထောက်က ဆဲလ်သေ တွေကို ဖယ်ရှားဖို့ ခြေထောက်တိုက် ကျောက်တုံးလေး နဲ့ ပွတ်တိုက်ပေးပါ။ ဒီလို တိုက်တဲ့နေရာမှာလည်း ဒဏ်ဖြစ်သွားလောက်တဲ့အထိ ၊ ပွန်းသွားလောက်တဲ့အထိ မတိုက်မိဖို့တော့ လိုပါတယ်။
  • နောက်တစ်ဆင့် အလုပ်ရှုပ်ခံနိုင်ရင်တော့ ခြေထောက်ကို ရေကြက်သီးနွေးလေးနဲ့ စိမ်ပေးပါ။ နာရီဝက်ကြာရင် ပျော့လာတဲ့ခြေထောက် အသားလေကို ကျောက်တုံးလေးနဲ့ တိုက်ပေးပါ။
  • အသားပပ် နေတဲ့ ခြေထောက်ကို သွားသွား မဆွပါနဲ့။ အသားစိုက်ပြီး သွေးတွေထွက်၊ ပိုးတွေဝင်ပြီး ရောင်လာရင် လမ်းလျှောက်လို့ မရအောင်ကို နာတတ်လို့ပါ။
  • ရေများများသောက်ပါ။ ရေဓာတ်ခမ်းခြောက်လေလေ အသားခြောက်တာ ပိုဖြစ်လေလေ ဖြစ်တတ်လို့ပါ ။
  • ပျားရည်လည်း သုံးလို့ရပါသေးတယ်။ ပျားရည်ရဲ့ အစိုဓာတ်ထိန်းတဲ့အာနိသင်နဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ အစွမ်းကြောင့် ပျားရည်ကိုအခြေခံပြီးထုတ်ထားတဲ့ ခြေထောက်ဆေးဆားတွေကို သုံးလို့ရသလို ပျားရည်ကို ခြေထောက်မှာ တစ်ညလုံးလိမ်းထားပြီး အိပ်ရာဝင်လို့လည်းရပါတယ်။ အိပ်ရာတွေ မပေအောင် ခြေစွပ်စွပ်ထားဖို့တော့ လိုတာပေါ့။
  • အုန်းဆီရဲ့ အစိုဓာတ်ထိန်းအာနိသင်ကြောင့် ကြမ်းတမ်းကွဲအက်နေတဲ့ သင့်ခြေဖနောင့်သားလေးတွေ ပြန်ပြီး စိုပြေလာမှာ အသေအချာပါ။

ခြေဖနောင့် ကွဲတာအတွက် သုံးလို့ရတဲ့ အခြား အိမ်တွင်းဆေးနည်းလေးတွေကတော့

  • ရှာလကာရည်သုံးပြီး ခြေထောက်စိမ်တာ
  • Shea Butter သုံးပြီး ခြေထောက် အစိုဓာတ်ကိုထိန်းတာ
  • အစိုဓာတ်ထိန်းဖို့အတွက်ကြိတ်ချေထားတဲ့ ငှက်ပျောသီးကို ခြေဖနောင့်မှာသုတ်လိမ်းပြီး ရေပြန်ဆေးချတာ
  • အုတ်ဂျုံမှုန့်နဲ့ အစိုဓာတ်ထိန်းဆီ တစ်ခုခုရောပြီး ခြေထောက်ကို ချေးချွတ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

ဒါတွေကတော့ ခြေဖနောင့်ကွဲရင် ဆရာဝန်ဆီ မသွားသေးဘဲ အိမ်မှာ စမ်းကြည့်လို့ရတဲ့ နည်းတွေ ဖြစ်ပါတယ်။ တကယ်လို့ အခြေအနေ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်ပြီး လမ်းတောင် မလျှောက်နိုင်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပြဖို့ ပေါ့ဆ မနေသင့်ဘူးနော် ။

ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top