Game of Thrones ထဲက ဆန်ဆာစတာ့ခ် (Sansa Stark)

ccelebritiesfotoee29e9875c785e6808a6d4.83849433_.jpg

ထင်ရှားသောစကား

“အဆိုးဆုံးလူတွေပဲ အမြဲတမ်းအသက်ဆက်ရှင်ကြတယ်”

ဆန်ဆာက နဒ်စတာ့ခ် (Ned Stark) နဲ့ ကတ်တလင်း( Catlyn) တို့ရဲ့သမီးကြီးဖြစ်ပြီး မွေးချင်းတွေအနေနဲ့ဆိုရင် ရော့ဘ်စတာ့ခ်၊ အာယာစတာခ် ဘရန်စတာ့ခ်၊ ရစ်ကွန်စတာ့ခ် တို့ရှိပါတယ်။

ဇာတ်ကောင်တွေ တဖြည်းဖြည်းချင်းပြောင်းလဲလာတာကို ပြတဲ့အထဲမှာ ဆန်ဆာဇာတ်ကောင်က အပီပြင်ဆုံးလို့တောင်ပြောလို့ရပါတယ်

Game of Thrones ထဲမှာ ဇာတ်ကောင်တွေ တဖြည်းဖြည်းချင်းပြောင်းလဲလာတာကို ပြတဲ့အထဲမှာ ဆန်ဆာဇာတ်ကောင်က အပီပြင်ဆုံးလို့တောင်ပြောလို့ရပါတယ်။ ဆန်ဆာဟာ ဝင်းတာဖဲလ်မှာ သမီးကြီးအဖြစ် ဗိုင်းကောင်းကျောက်ဖိ၊ အချိန်တန်ရင် အိမ်တော်ကြီးတစ်ခုက သားတစ်ယောက်နဲ့လက်ထပ်ပြီး ဇနီးကောင်းဖြစ်ရုံဆိုတဲ့အခြေအနေနဲ့ အေးအေးချမ်းချမ်း ကြီးပြင်းလာခဲ့သူပါ။ ပင်ကိုယ်စရိုက်အနေနဲ့ကလည်း ဆန်ဆာက စတာ့ခ်မိသားစုထဲမှာဆိုရင်
မောက်မာပြီး ဂုဏ်မက်တယ်လို့ပြောလို့ရတဲ့အနေအထားမှာရှိပါတယ်။ ဂျွန်စနိုး (Jon Snow) ကို အစ်ကိုရင်းမဟုတ်ပဲ မျိုးမစစ်သားတစ်ယောက်လို့ စတင်သိနားလည်လာတဲ့အချိန်ကစပြီး တန်းတူမဆက်ဆံတော့ပါဘူး။ ဒါ့အပြင် မနူးမနပ် ငယ်ရွယ်စဉ်အခါမှာဆိုတော့လည်း ဂျော်ဖရီ (Joffrey) လိုမျိုး ရုပ်ချောချောအိမ်ရှေ့မင်းသားမျိုးနဲ့ လက်ထပ်ရမယ်ဆိုတော့ အပျော်ကြီးပျော်၊ စိတ်ကူးနဲ့မြူးထူးနေခဲ့လို့ ပရိသတ်တွေကြားမှာ သူ့ကိုအကြိုက်မတွေ့တဲ့သူတွေ ရှိလာခဲ့ပါတယ်။

ဖခင်ဖြစ်တဲ့ နဒ်စတာ့ခ် (Ned Stark) မျက်စိရှေ့ ကွပ်မျက်ခံရချိန်မှာတော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ပြောရပါမယ်

နေပြည်တော်မှာ ဖခင်ဖြစ်တဲ့ နဒ်စတာ့ခ် (Ned Stark) မျက်စိရှေ့ ကွပ်မျက်ခံရချိန်မှာတော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားတယ်လို့ပြောရပါမယ်။ ဆန်ဆာဟာ ဂျော်ဖရီရန်ရှာသမျှ နှိပ်စက်သမျှကို ခေါင်းငုံ့ခံ၊ အစ်ကိုဖြစ်တဲ့ ရော့ဘ်စတာ့ခ် (Rob Stark) ကိုလည်း သစ္စာဖောက်လို့ခေါ်၊ ကိုယ့်မိသားစု မင်္ဂလာဆောင်မှာ မတရားလုပ်ကြံခံရလည်း ရေငုံနှုတ်ပိတ်ပဲနေပြီး ရန်သူတွေလက်ထဲမှာပဲ အလိုက်သင့်နေထိုင်ရင်း အသက်ရှင်သန်ခွင့်ရအောင် ကြိုးစားခဲ့ရတယ်။ နန်းတွင်းမှာ ဆန်ဆာအတွက် ယုံစရာလူမရှိပါဘူး။ သူ့ကိုကာကွယ်ပေးမယ့်သူဆိုလို့ တိုင်ရီယွန် (Tyrion) တစ်ယောက်ပဲ လောက်လောက်လားလားရှိပါတယ်။ ဂျော်ဖရီသေပြီးနောက်မှာ ဆန်ဆာတစ်ယောက် ပီတာဘေးလစ်ရှ် (Petyr Baelish) ခေါ်ထုတ်လာပေးတာကြောင့်
နေပြည်တော်က လွတ်လာခဲ့ပါတယ်။

ဂျော်ဖရီထက် ဆိုးရွားယုတ်မာတဲ့ ရမ်ဆေးလက်ထဲမှာ ငရဲတွင်းထဲကျသလို နေခဲ့ရပြန်တယ်

ဒါပေမဲ့ သူ့ဒုက္ခတွေက မပြီးသေးပါဘူး။ ပီတာရဲ့စနက်နဲ့ ဆန်ဆာတစ်ယောက် ကိုယ့်မိသားစုကို လုပ်ကြံတဲ့ရန်သူအိမ်တော်က ရမ်ဆေးဘိုတွန် (Ramsey Bolton) နဲ့လက်ထပ်ခဲ့ရတယ်။
ဂျော်ဖရီထက် ဆိုးရွားယုတ်မာတဲ့ ရမ်ဆေးလက်ထဲမှာ ငရဲတွင်းထဲကျသလို နေခဲ့ရပြန်တယ်။ ဒါကြောင့် မခံနိုင်တော့တဲ့အဆုံးမှာ သီယွန်နဲ့အတူ အရဲစွန့်ပြီး ထွက်ပြေးခဲ့တယ်။

အရင်က မျိုးမစစ်သားမို့လို့ အစ်ကိုလိုမဆက်ဆံခဲ့တဲ့ မိန်းကလေးက ဂျွန်ကိုပြန်တွေ့ချိန်မှာတော့ ပြေးဖက်ရတဲ့အထိ သွေးသားရင်းကိုမြတ်နိုးတတ်လာ

ငရဲတွင်းနှစ်တွင်းလောက်ကို ကျော်ဖြတ်အပြီးမှာတော့ ဆန်ဆာ တော်တော်ရင့်ကျက်လာသလို ပြောင်းလည်း ပြောင်းလဲလာခဲ့တယ်။ အရင်က မျိုးမစစ်သားမို့လို့ အစ်ကိုလိုမဆက်ဆံခဲ့တဲ့ မိန်းကလေးက ဂျွန်ကိုပြန်တွေ့ချိန်မှာတော့ ပြေးဖက်ရတဲ့အထိ သွေးသားရင်းကိုမြတ်နိုးတတ်လာပြီ။ အရင်ကကြောက်ရွံ့ပြီး တုန်လှုပ်နေတတ်တဲ့သူက Battle of Bastards မှာ ဂျွန်နောက်ကွယ်ကနေ စစ်ကူတောင်းပြီး အောင်ပွဲရအောင် ကူညီပေးနိုင်ခဲ့တယ်။ ဂျွန် မရှိတဲ့အချိန်မှာလည်း ဝင်းတားဖဲလ်ကို အကောင်းဆုံးအုပ်ချုပ်ထားနိုင်နေပြီ။ တွေဝေပြီး လှည့်စားလို့လွယ်တဲ့မိန်းကလေးဘဝကနေ
ပီတာဘေးလစ်ရှ်ရဲ့သွေးထိုးပေးမှုကို မြင်ပြီးတော့ အပြစ်ပြန်ပေးနိုင်ခဲ့တယ်။

ဆန်ဆာတစ်ယောက် ဂျွန်နဲ့ ဒနဲရီတို့ ဝင်းတားဖဲလ်ကိုရောက်လာတာ ကြုံရဦးမှာဖြစ်တဲ့အတွက် ဘယ်လိုတုံ့ပြန်မှုတွေ လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်သွားရဦးမှာပါ

Game of thrones က ဇာတ်လမ်း ဇာတ်အိမ်ကြီးမားတဲ့စီးရီးဖြစ်တာကြောင့် Character Development တွေက တော်တော်အားကောင်းပါတယ်။ အဲဒီထဲကမှာ ဆန်ဆာကလည်း တစ်ယောက်အပါအဝင်ပါ။ လာမယ့် Season မှာလည်း ဆန်ဆာတစ်ယောက် ဂျွန်နဲ့ ဒနဲရီတို့ ဝင်းတားဖဲလ်ကိုရောက်လာတာ ကြုံရဦးမှာဖြစ်တဲ့အတွက် ဘယ်လိုတုံ့ပြန်မှုတွေ လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်သွားရဦးမှာပါပဲ။

(ဧပြီလ (၁၅) ရက်၊ မနက် (၇:၃၀) အချိန် HBO HD လိုင်းမှာစတင်ပြသသွားမယ့် Game of Thrones နောက်ဆုံး Season ကို Cookie TV App ကနေ အချိန်နဲ့တပြေးညီ ကြည့်ရှုနိုင်မှာဖြစ်ကြောင်းလည်း သတင်းကောင်းပါးလိုက်ပါရစေ)

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top