စွန့်ပစ်ခံထားရတဲ့ကလေးကို ကယ်တင်ပေးဖို့ ဟောင်ပြီးလမ်းပြခဲ့တဲ့ ခွေးလေး

30-12-2020-yyl25.jpg

ကမ္ဘာပေါ်မှာ ခွေးတွေက လူတွေအတွက် အားကိုးရတဲ့သူငယ်ချင်းမိတ်ဆွေဖြစ်သလို လူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေရတဲ့ တိရစ္ဆာန်လည်းဖြစ်ပါတယ်။ ခရစ်စမတ်နေ့မတိုင်ခင်က ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင်လည်း ခွေးလေးတွေက လူတွေအတွက် တကယ်အားကိုးရတဲ့တိရစ္ဆာန်တွေဆိုတာကို သိနိုင်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ၊ Sibonga ပြည်နယ်မှာ ခွေးလေးတစ်ကောင်က စွန့်ပစ်ခံထားရတဲ့ ကလေးလေးကို ကယ်တင်ပေးဖို့အတွက် အနီးနားဖြတ်သွားတဲ့ဆိုင်ကယ်မောင်းသမားတစ်ဦးကို လမ်းပိတ်ကာ အကူအညီတောင်းခဲ့တယ်လို့ သတင်းမီဒီယာမှာ ဖော်ပြထားပါတယ်။

အဲဒီဖြစ်ရပ်လေးကတော့ ခရစ်စမတ်နေ့မတိုင်ခင် မနက်ခင်းတစ်ခုမှာ စတင်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် ဂျွန်ရယ်လ် ဖူရန်တီစ် ရီဗီလာ (Junrell Fuentes Revilla) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ဆိုင်ကယ်စီးလာနေတုန်း အနက်ရောင်ခွေးလေးတစ်ကောင်က သူသွားနေတဲ့လမ်းရှေ့ ပိတ်ရပ်နေခဲ့ပြီး သူ့ကို ဆက်မသွားဖို့ ဟောင်နေခဲ့ပါတယ်။ အဲဒီခွေးက မရပ်မနားဘဲ ဟောင်နေခဲ့တဲ့အတွက် ဂျွန်ရယ်လ်လည်း ခွေးရဲ့နောက်ကို လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ ခွေးရဲ့နောက်ကို လိုက်သွားတော့ အမှိုက်ပုံတွေစုပုံထားတဲ့နေရာတစ်ခုမှာ စွန့်ပစ်ခံထားရတဲ့ကလေးလေးကို တွေ့ခဲ့ရပါတယ်။

အဲဒါနဲ့ ဂျွန်ရယ်လ်လည်း ကလေးကို ချက်ချင်းကောက်ယူပြီး ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံခေါ်သွားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေက ဒီဖြစ်ရပ်ကို စုံစမ်းစမ်းဆေးနေပြီး စွန့်ပစ်ခံထားရတဲ့နေရာတစ်ဝိုက်မှာ ကလေးရဲ့မိခင်ကို ရှာဖွေဖို့ကြိုးစားနေတယ်လို့ Cebu Daily News အရ သိရပါတယ်။ စွန့်ပစ်ခံထားရတဲ့ကလေးလေးက တဘက်စောင်နဲ့ထုပ်ပိုးထားတဲ့ မွေးကင်းစကလေးလေးဖြစ်ပြီး ချက်ကြိုးတောင်ရှိနေတုန်းပါပဲ။ ကလေးလေးက မွးပြီးပြီးချင်း စွန့်ပစ်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကလွဲလို့ ဘာမှသေချာမသိရသေးပါဘူး။

ကလေးလေးကတော့ ခွေးလေးနဲ့ ဂျွန်ရယ်လ်တို့ရဲ့ကျေးဇူးကြောင့် အသက်ရှင်ခွင့်ရခဲ့ပါတယ်။ လက်ရှိမှာတော့ ကလေးလေးက အသက်အန္တရာယ်မရှိတော့ဘဲ ထိန်းသိမ်းစောင့်ရှောက်ခံထားရပါတယ်။ အစက ကလေးရဲ့အသက်ကိုကယ်တင်ခဲ့တဲ့ ခွေးလေးကို လမ်းဘေးခွေးလို့ ဂျွန်ရယ်လ်က ထင်ခဲ့တာပါ။ တကယ်တော့ အဲဒီခွေးလေးကို လင်ဒန် အိုလင်ဂေးဆိုတဲ့ အမျိုးသားတစ်ဦးပိုင်ဆိုင်တာဖြစ်ပြီး ဘလက်ကီလို့ အမည်ရပါတယ်။

Ref: TheSmartLocalThailandNews “Brave Doggo Blocks Man’s Path & Refuses To Leave, Guides Him To Save Abandoned Baby Nearby”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top