အိန္ဒိယနည်းပညာသိပ္ပံက သခွားသီးအခွံကနေ အစားအစာထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်

16-12-2020-yyl09.jpg

ခါရဂပူရ်မြို့ အိန္ဒိယနည်းပညာသိပ္ပံရဲ့ သုတေသီတွေက သခွားသီးအခွံတွေကို အသုံးပြုပြီး ဂေဟစနစ်နဲ့ ကိုက်ညီမယ့် အစားအစာထုပ်ပိုးရေးပစ္စည်းတွေ တီထွင်ဖန်တီးနိုင်ခဲ့ပါတယ်။ သခွားသီးအခွံတွေဟာ တခြားအခွံတွေထက် ဆယ်လူလို့စ်ပါဝင်မှု ပိုများပါတယ်။ အခွံတွေကနေ ရရှိလာတဲ့ ဆယ်လူလို့စ်အမှုန်ငယ်လေးတွေကို သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်ပြီး အောက်ဆီဂျင်စိမ့်ဝင်နိုင်စွမ်းနည်းပါးတဲ့ အစားအစာထုပ်ပိုးပစ္စည်းတွေ ထုတ်လုပ်ဖို့ အသုံးပြုနိုင်ပါတယ်။

” စားသုံးသူ တွေက တစ်ခါသုံးပလတ်စတစ်အိတ်ကို ဂရုတစိုက် ရှောင်ကြဉ်လာကြပေမဲ့ အစားအစာတွေထုတ်ပိုးဖို့အတွက် ပလတ်စတစ်တွေ အကြီးအကျယ် ထုတ်လုပ်နေတုန်းပါပဲ။ သဘာဝပိုလီမာတွေက တောင့်တင်းကြံ့ခိုင်မှု၊ ဆန့်နိုင်စွမ်း မရှိပါဘူး။ တစ်ခါတလေ ဇီဝလုံခြုံရေးအတွက်တောင် စိတ်မချရဘူး။ ရေငွေ့ရိုက်တာ၊ အလင်းရောင်နဲ့ ဓာတ်ပြုတာမျိုးတွေ ရှိတယ်။ အဲဒီတော့ အစားအစာထုပ်ပိုးရေးပစ္စည်း ထုတ်လုပ်ရာမှာ သဘာဝပိုလီမာတွေကို မသုံးကြတာပါ”လို့ ခါရဂပူရ်မြို့ အိန္ဒိယနည်းပညာသိပ္ပံရဲ့ လက်ထောက်ပါမောက္ခ ဂျာယီတာမီထရာက ပြောပါတယ်။

” အိန္ဒိယမှာတော့ သခွားသီးကို သုတ်စားတယ်၊ ဆားရည်စိမ်ပြီး စားတယ်၊ ဟင်းသီးဟင်းရွက်တွေ ချက်တဲ့နေရာမှာ သုံးတယ်။ အစိမ်းလည်း စားကြတယ်။ ဖျော်ရည်လုပ်ငန်းတွေမှာလည်း သုံးတယ်။ ဒီတော့ ဆယ်လူလို့စ်ပါဝင်မှုများတဲ့ သခွားခွံတွေ အများကြီးရှိပါတယ်။ စွန့်ပစ်ထားတဲ့ သခွားခွံတွေ ဒါမှမဟုတ် သခွားသီးအဖတ်တွေကို စီမံပြုပြင်ပြီးရင် အနှစ် ၁၂ ရာခိုင်နှုန်းလောက် ကျန်ခဲ့တယ်။ အဲဒီအထဲကနေ ဆယ်လူလို့စ်၊ ဟီမီဆယ်လူလို့စ်၊ ပက်တင်းတွေကို ထုတ်ယူပြီး ဇီဝဒြပ်ပေါင်းစုမှာ အမှုန်ငယ်တွေအဖြစ် အသုံးပြုနိုင်မယ့် ဇီဝပစ္စည်းသစ် ထုတ်လုပ်ဖို့ အသုံးပြုပါတယ်” လို့ ဂျာယီတာမီထရာက ပြောပါတယ်။

သခွားသီးအခွံတွေကနေ ရရှိလာတဲ့ ဆယ်လူလို့စ်အမှုန်ငယ်လေးတွေမှာ ဟိုက်ဒရိုဇိုင်းအုပ်စုတွေ အများကြီးပါဝင်တဲ့အတွက် ပြုပြင်ဖန်တီးနိုင်စွမ်းရှိလို့ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးအောင်၊ ဂေဟစနစ်နဲ့ ကိုက်ညီအောင် လုပ်နိုင်တာ ဖြစ်ပါတယ်။

Ref: Indiatimes ” IIT-Kharagpur Invents Eco-Friendly Food Packaging Material With Cucumber Peels”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top