စတော်ဘယ်ရီသီးနဲ့ အလှအပရေးရာ

30-12-2020-yyl30.jpg

စတော်ဘယ်ရီသီးကလည်း ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအတွက်ရော အလှအပထိန်းသိမ်းချင်တဲ့သူတွေအတွက်ပါ ကောင်းကျိုးပေးစွမ်းနိုင်တဲ့အသီးပါပဲ။ စတော်ဘယ်ရီသီးကို အသားရေထိန်းသိမ်းဖို့အတွက် Scrub၊ မျက်နှာပေါင်းတင်ဆေးအဖြစ် အသုံးပြုမယ်ဆိုရင် ဘယ်လိုအသားရေမျိုးအတွက်မဆို အာနိသင်ရှိပါတယ်။ စတော်ဘယ်ရီသီးနဲ့ အသားရေထိန်းသိမ်းပေးမယ်ဆိုရင် သင့်မျက်နှာလေးကို ကြည်လင်တောက်ပစေတဲ့အပြင် အသားရေကိုလည်း ကျန်းမာစေနိုင်စွမ်းရှိပါတယ်။ စတော်ဘယ်ရီသီးကို အလှအပရေးရာအနေနဲ့ဆိုရင် ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရလဲဆိုတာကို မျှဝေပေးလိုက်ရပါတယ်။

အမဲစက်၊အမာရွတ်တွေ မှေးမိန်ပြီး အသားရေဖြူဝင်းလာစေတယ်

စတော်ဘယ်ရီသီးက အသားရေကို ဖြူဝင်လာအောင်ကူညီပေးနိုင်တဲ့အပြင် အမဲစက်နဲ့ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ကုသပေးနိုင်တယ်ဆိုတာကို အလှအပ ပညာရှင်တွေက ရှာတွေ့ထားပါတယ်။ စတော်ဘယ်ရီသီး (၂) လုံး (၃) လုံးလောက်ကို ချေမွပြီး အရည်ရအောင် စစ်ယူလိုက်ပါ။ သန့်စင်တဲ့အဝတ်စနဲ့ စတော်ဘယ်ရီအရည်ကိုယူပြီး မျက်နှာတစ်ခုလုံးမှာ လိမ်းလိုက်ပါ။ မိနစ် (၂၀) လောက်အချိန်ပေးပြီးတာနဲ့ ရေအေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ဒီနည်းကို တစ်ပတ်ကို (၃) ကြိမ်လောက်လုပ်ပေးမယ်ဆိုရင် ကောင်းတဲ့ရလဒ်ကို ရမှာဖြစ်ပါတယ်။ ဒီနည်းက နေလောင်ဒဏ်ကြောင့်ပျက်စီးတာကို လျော့ချပေးနိုင်စွမ်းလည်းရှိပါတယ်။

ဝက်ခြံကိုကုသပေးတယ်

စတော်ဘယ်ရီသီးစိပ် ခွက်တစ်ဝက်နဲ့ ဒိန်ချဉ်အနည်းငယ်တို့ကို ရောစပ်ပြီး သမအောင်မွှေပေးပါ။ အဲဒီအရောအနှောကို မျက်နှာမှာ လိမ်းလိုက်ပြီး (၁၀) မိနစ်လောက်ထားလိုက်ပါ။ စတော်ဘယ်ရီသီးက သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိတဲ့အတွက် အရေပြားက ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ချွေးပေါက်တွေကျဉ်းလာစေပြီး နောက်ထပ်ဝက်ခြံထွက်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးက မသန့်စင်တဲ့အရာတွေကို ဖယ်ရှားတဲ့နေရာမှာ အစွမ်းထက်ပါတယ်။ မျက်နှာသစ်ဆေးပြုလုပ်တဲ့အခါမှာလည်း စတော်ဘယ်ရီသီးကို ပါဝင်ပစ္စည်းအနေနဲ့အသုံးပြုလေ့ရှိပါတယ်။

တိုနာအဖြစ် သုံးလို့ရတယ်

စတော်ဘယ်ရီသီးလက်တစုပ်လောက်ကို ကြိတ်စက်နဲ့ အရည်ရအောင်ယူလိုက်ပါ။ အဲဒီအရည် စားပွဲတင်ဇွန်း (၂) ဇွန်းထဲကို နှင်းဆီရည် (100ml) လောက် ရောထည့်ပေးလိုက်ပါ။ ရောစပ်ထားတဲ့အဲဒီအရည်ကို ညအိပ်ရာမဝင်ခင်မှာ ဝါဂွမ်းစနဲ့ မျက်နှာကို တိုနာအနေနဲ့ လိမ်းပေးလို့ရပါတယ်။ ဘယ်လိုအသားရည်မျိုးကိုမဆို ကောင်းတဲ့တိုနာဖြစ်ပါတယ်။ ဒီအရည်ကို အကောင်းဆုံးဖြစ်ဖို့အတွက် ရေခဲသေတ္တာထဲမှာ (၁၅) ရက်လောက်တော့ သိုလှောင်ထားလို့ရပါတယ်။

နုပျိုတဲ့အသားရေဖြစ်ဖို့ Scrub အနေနဲ့သုံးလို့ရတယ်

စတော်ဘယ်ရီသီး (၄-၆) လုံးလောက်ယူပြီး ပျားရည် စားပွဲတင်ဇွန်း (၂) ဇွန်းကိုလည်း ရောထည့်ပါ။ အဲဒါတွေကို ရောနှောပြီး ကြေမွသွားအောင်လုပ်လိုက်ပါ။ အဲဒီအရောအနှောထဲကို ရေနွေး (၃) စက်လောက်ထည့်ပေးပါ။ မျက်နှာမှာ ဒီအရောအနှောကို လိမ်းပြီး (၁၀) မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ အဲဒီနောက် ရေအေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။ တစ်ပတ်ကို (၃) ကြိမ်လောက် ဒီနည်းအတိုင်းလုပ်ပေးမယ်ဆိုရင် ငယ်ရွယ်နုပျိုပြီးကြည်လင်တဲ့အသားရေကို ရရှိလာပါလိမ့်မယ်။

Ref: Ways to use strawberry in your beauty routine
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top