မုန့်ဖုတ်ဆိုဒါကပေးတဲ့ ကျန်းမာရေး ဆိုင်ရာ ကောင်းကျိူးများ

12-6-2020-yyl-048.jpg

မုန့်ဖုတ်ဆိုဒါ လို့ အရပ်ထဲမှာ ခေါ်ဝေါ်ကြတဲ့ ဆိုဒီယမ်ဘိုင်ကာဗွန်နိတ်ကို မုန့်ဖုတ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးကြတာကို သိကြပြီးဖြစ်ပါလိမ့်မယ်။ မုန့်ဖုတ်ဆိုဒါကို ချက်ပြုတ်ရာတွင်မကပဲ ကျန်းမာရေးနှင့် အိမ်တွင်းနည်းလမ်းများတွင်လည်း သုံးနိုင်ပါသေးတယ်။

အခုဆောင်းပါးမှာတော့ မုန့်ဖုတ်ဆိုဒါကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးကောင်းကျိူးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရင်ပူခြင်းကို သက်သာစေပါတယ်

အစာအိမ်ထဲမှာရှိရမယ့် အစာခြေအက်စစ်တွေဟာ အစာအိမ်ကနေ လည်ချောင်းအထိ ပြန်ဆန်တက်လာတဲ့အခါ ရင်ပူလာပါတယ်။ နာတာရှည်ရင်ပူခြင်းက အစာမျိူချတဲ့ နေရာတွေကိုပါ ထိခိုက်စေပါတယ်။ မုန့်ဖုတ်ဆိုဒါဟာ အစာအိမ်အက်ဆစ်တွေရဲ့ အချဉ်ဓာတ်ကို မျှတအောင် လုပ်ပေးနိုင်တဲ့အတွက် ရင်ပူခြင်းကို အမြန်ဆုံးသက်သာစေပါတယ်။

ရေအေးတစ်ခွက်မှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဇွန်းစာ ထည့်မွှေပြီး ဖြည်းဖြည်းချင်းသောက်ပေးပါ။

(၂) ခံတွင်း အနံ့အသက် ကောင်းစေပြီး သွားတွေကို ဖြူစေတယ်

မုန့်ဖုတ်ဆိုဒါဟာ သွားကျန်းမာရေး အတွက်လည်း အစွမ်းထက်ဆေးတစ်လက် ဖြစ်ပါတယ်။ လေ့လာချက်များအရ မုန့်ဖုတ်ဆိုဒါ ပါဝင်တဲ့သွားတိုက်ဆေးတွေဟာ သွားမှာ ကပ်နေတဲ့ အညစ်အကြေးနဲ့ ချိုးတွေကို ပြောင်စေပြီး သွားတွေကို ဖြူစင်စေပါတယ်။ ဒီအတွက် မုန့်ဖုတ်ဆိုဒါ ပါသော သွားတိုက်ဆေးကို တကူးတက ဝယ်နေဖို့ မလိုပါဘူး။ ရေအနည်းငယ်နဲ့ မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို အနှစ်ဖြစ်အောင် လုပ်ပြီး သွားတိုက်တံကို အဲဒီအနှစ်ထဲကို စိမ်ပြီး သွားတိုက်ပေးနိုင်ပါတယ်။

မုန့်ဖုတ်ဆိုဒါမှာ ဘတ်တီးရီးယားနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်လည်း ရှိတဲ့အတွက် ခံတွင်းသန့်ဆေးရည် အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ပြုလုပ်နည်းကတော့ ရေဖန်ခွက် တစ်ဝက်စာမှာ မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဝက်ခန့်ကို ထည့်ပြီး ခံတွင်းသန့်ဆေးအဖြစ် အသုံးပြုနိုင်ပါပြီ။

(၃)ချွေးနံ့ပျောက်ဆေးအဖြစ် အသုံးပြုမယ်

အမှန်တကယ်တော့ ကျွန်ုပ်တို့ရဲ့ ချွေးဟာ အနံ့အသက်မရှိပါဘူး။ ကျွန်ုပ်တို့ အရေပြားရှိ အနံ့အသက်ဆိုးဖြစ်စေသော ပိုးမွှားတွေကြောင့်သာ ချွေးနံ့ဆိုးတွေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါရဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့် ချွေးနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ်။ အသုံးပြုနည်းက လွယ်လွယ်လေးပါပဲ။ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ချိူင်းပေါ်မှာ အုံပေးထားဖို့ဖြစ်ပါတယ်။

(၄) ကိုယ်လက်လေ့ကျင့်ခန်းများ ပိုမိုလုပ်ဆောင်နိုင်စေတယ်

လေ့လာချက်များအရ မုန့်ဖုတ်ဆိုဒါဟာ အားကစားသမားတွေကို အချိန်ကြာကြာ ကစားနိုင်စေဖို့ ကူညီပေးပါတယ်။ အထူးသဖြင့် အားများများ စိုက်ထုတ်ပြီး ကစားရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေမှာ အကောင်းဆုံးစွမ်းဆောင်ရည်ရရှိစေဖို့ အထောက်အကူပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တဲ့အခါမှာ ကျွန်မတို့ရဲ့ ကြွက်သားတွေကနေ လက်တစ်အက်ဆစ်ဆိုတဲ့အရာကို ထုတ်လုပ်ပေးပါတယ်။ လက်တစ်အက်ဆစ်ကြောင့် ပြင်းပြင်းထန်ထန် ကစားတဲ့အခါမျိူးမှာ ပူလောင်ပြင်းရှတဲ့ ခံစားချက်ကို ရရှိတာ ဖြစ်ပါတယ်။

ဒီလက်တစ်အက်ဆစ်ကပဲ ကြွက်သားတွေကို ပင်ပန်းစေတာဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါမှာပါရှိတဲ့ မြင့်မားတဲ့pHက လက်တစ်အက်ဆစ်ကို ချေဖျက်ပေးပါတယ်။ ဒါကြောင့် အားကစားမလုပ်ခင် မုန့်ဖုတ်ဆိုဒါစားတဲ့သူများဟာ မစားသူများထက် ၄၅မိနစ်လောက် ပိုမိုအပင်ပန်းခံနိုင်ကြပါတယ်။

(၅) အရေပြားယားယံခြင်းနဲ့ နေလောင်ခြင်းတွေကို သက်သာစေတယ်

မုန့်ဖုတ်ဆိုဒါဟာ အရေပြားပြဿနာ အမျိူးမျိူးအတွက်လည်း အသုံးဝင်ပါသေးတယ်။ နာတာရှည် အရေပြားယားယံခြင်း၊ ကြမ်းပိုးနဲ့ ပိုးမွှားကိုက်ခြင်းကြောင့် ယားယံခြင်းတွေကို သက်သာစေပါတယ်။ ဒီလိုယားယံတဲ့ နေရာတွေကို ရေနဲ့ မုန့်ဖုတ်ဆိုဒါရောထားတဲ့ အနှစ်နဲ့သုတ်လိမ်းပေးပါ။
နေလောင်ခြင်းကြောင့် ယားယံတာတွေကိုတော့ မုန့်ဖုတ်ဆိုဒါစိမ်ထားတဲ့ ရေထဲမှာ မိနစ်၃၀ခန့် စိမ်ပြီး ရေချိူးခြင်းဖြင့် သက်သာနိုင်ပါတယ်။

(၆) အသားမာများကို ပျော့စေနိုင်တယ်

တံတောင်ဆစ်၊ ခြေဆစ်၊ လက်ဆစ်တွေမှာ အသားမာတက်နေသူများအတွက် မုန့်ဖုတ်ဆိုဒါကို အသုံးပြုပြီး ပျော့ပျောင်းအောင် လုပ်ပေးနိုင်ပါတယ်။ ရေကြက်သီးနွေးထည့်ထားတဲ့ ကန်ထဲကို မုန့်ဖုတ်ဆိုဒါ ၂ဇွန်းခန့် ထည့်ထားပါ။ ရေထဲမှာ မိနစ်၃၀ခန့်စိမ်ပြီး ရေချိူးပေးပါ။

(၇) ပါးစပ်အနာများကို သက်သာစေတယ်

စိတ်ဖိစီးမှုများချိန်နဲ့ ကိုယ်ခံအားနည်းချိန်တွေမှာ ပါးစပ်အတွင်းမှာ အနာငယ်လေးများ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီအနာလေးတွေဟာ မကူးစက်နိုင်ပေမယ့် အစာစားတဲ့အခါ အလွန်နာကျင်စေပါတယ်။ သူ့အလိုလို ပြန်သက်သာလေ့ရှိပေမယ့် မပျောက်မချင်း အလွန်နာတတ်ပါတယ်။ ဒီအနာတွေကို သက်သာစေဖို့ မုန့်ဖုတ်ဆိုဒါကိုသုံးပြီး ခံတွင်းသန့်ဆေးရည်ပြုလုပ်နိုင်ပါတယ်။ ရေကို ဖန်ခွက်တစ်ဝက်ခန့် ဖြည့်ပြီး မုန့်ဖုတ်ဆိုဒါ လက်ဖက်စားဇွန်းတစ်ဝက်ခန့်ကို ထည့်ပြီး ပလုပ်ကျင်းပေးပါ။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top