(၂၂၂) ရက်ကြာ ဆေးရုံတက်ခဲ့ရတဲ့ ကိုဗစ်လူနာ ခရစ်စမတ်အချိန်အခါမှာ အိမ်ပြန်ခွင့်ရခဲ့ပြီ

21-12-2020-yyl08.jpg

ဗြိတိန်မှာ ကိုဗစ်ရောဂါကို အကြာကြီးခံစားခဲ့ရတဲ့ အသက် ၅၇ နှစ်အရွယ် အာလီ ဆာကယ်လီယိုဂရူ (Ali Sakallioglu) ဟာ (၂၂၂) ရက်ကြာ ဆေးရုံတက်ကာ ကိုဗစ်ရောဂါကို တွန်းလှန်ခဲ့ပြီးတဲ့နောက်မှာတော့ ခရစ်စမတ်အတွက် အိမ်ပြန်ခွင့်ရခဲ့ပါတယ်။ အာလီဟာ အသက်ရှုစက်တပ်ထားရတဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်လူနာတစ်ယောက်ပါ။ သူ့ရဲ့သားသမီးတွေက သူ့ကို ဆုံးရှုံးလိုက်ရတော့မယ်အခြေအနေကို (၃) ခါတောင် ကြုံခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ ဧပြီလကနေစပြီး အချိန်အကြာကြီးဆေးရုံတက်ခဲ့ပြီးနောက် အိမ်မှာ ခရစ်စမတ်ကို ဖြတ်သန်းရတော့မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက အာလီဟာ ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီး သူ့ရဲ့သားသမီးတွေနဲ့ မြေးတွေက သူ့ရဲ့အိမ်ပြန်ခရီးကို ကြိုဆိုခဲ့ကြပါတယ်။ “ကျွန်တော် အသက်ရှင်နိုင်မယ့်အခွင့်အရေးက ဇီးရိုးပါပဲ။ ဒါကြောင့် အခုလို ခရစ်စမတ်ကို ဆင်နွှဲနိုင်မယ့်ဆိုတာက လျို့ဝှက်ဆန်းကြယ်သလိုခံစားရပါတယ်။ ဆေးရုံက ကျွန်တော့်သမီးကို ဖုန်းခေါ်ပြီး ကျွန်တော် ဆက်ပြီးတောင့်မခံနိုင်တော့တဲ့အတွက် လက်လျော့လိုက်ဖို့ပြောတာ (၃) ခါလောက်ရှိပါတယ်။ ကျွန်တော် ခရစ်စမတ်အချိန်အခါကို မစောင့်နိုင်တော့ဘူး။ နောက်ထပ် ခရစ်စမတ်အချိန်အခါမှာ ကျွန်တော် ရှိနေချင်သေးတဲ့အတွက် ကျွန်တော် ဂရုစိုက်ရပါမယ်” လို့ အာလီက ပြောပါတယ်။

အာလီက သူ့ရဲ့အဖြစ်အပျက်က ဆေးရုံတက်နေရတဲ့သူတွေရဲ့မိသားစုတွေကို မျှော်လင့်ချက်ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ သူ့ကို အသက်ဆက်ရှင်နိုင်အောင် လုပ်ပေးခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သူ့မိသားစုတွေကိုလည်း ကျေးဇူးတင်နေပါတယ်။ သူ့ရဲ့သားဂျေးကလည်း “အဖေ အသက်ဆက်ရှင်နိုင်မယ်ဆိုတာ ကျွန်တော်တို့သိခဲ့တယ်။ ဒါကြောင့် လက်မလျော့ခဲ့ဘူး။ ခရစ်စမတ်မှာ အဖေရှိနေမယ်ဆိုတော့ မယုံနိုင်လောက်အောင်ပါပဲ။ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးလက်ဆောင်ပါ” လို့ ဆိုပါတယ်။

အခုဆိုရင် အာလီက သူ့မိသားစုနဲ့အတူ လန်ဒန်မြို့တောင်ပိုင်းရှိ သူ့နေအိမ်မှာ ခရစ်စမတ်ကို ဆင်နွှဲတော့မှာဖြစ်ပါတယ်။ ဟိုအရင်ကအတိုင်းပြန်ဖြစ်ဖို့အတွက် တတ်နိုင်သလောက် မြန်မြန် ကာကွယ်ဆေး လူတိုင်းထိုးနိုင်ဖို့လည်း အာလီက မျှော်လင့်နေပါတယ်။ သူလည်းပဲ အလုပ်ပြန်လုပ်ချင်နေပြီး ကာကွယ်ဆေးထိုးထားမယ်ဆိုရင် နောက်တစ်ကြိမ် ဗိုင်းရပ်စ်မကူးစက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Ladbible & TheMirror “Britain’s longest-suffering Covid patient home for Christmas after 222 days in hospital”
Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top