၉၉ ရက်ကြာ Covid-19 လူနာသစ်မတွေ့ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက် လူနာသစ် ၄ ယောက် တွေ့လို့ ထိန်းချုပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေရ

27-7-2020-yyl-010.jpg

၉၉ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် လူနာသစ်မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ် ၄ ယောက် တွေ့ရှိခဲ့ပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးစည်းမျဉ်းတွေကို တိုးမြှင့်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ နယ်စပ်ဒေသတွေကို ပိတ်တာ၊ အသွားအလာ ကန့်သတ်စောင့်ကြပ်မှုတွေ အားကောင်းခိုင်မာအောင် ဆောင်ရွက်တာ၊ ထိတွေ့မှုရာဇဝင် ခြေရာခံစုံစမ်းတာ စတဲ့လုပ်ဆောင်မှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့လို့ ရောဂါထိန်းချုပ်မှု အောင်မြင်ခဲ့တဲ့ နိုင်ငံအဖြစ် ချီးကျူးခံခဲ့ရပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ ရှိပြီး သေဆုံးသူမရှိခဲ့ပါဘူး။ အခုတွေ့ရှိခဲ့တဲ့ လူနာသစ် ၄ ယောက်ကတော့ ပြည်တွင်းခရီးသွားလာသူတွေကြား ရေပန်းစားတဲ့ ဗီယက်နမ်နိုင်ငံအလယ်ပိုင်း ဒါနန်ကမ်းရိုးတန်းမြို့နဲ့ ဆက်နွှယ်နေပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ လူနာအမှတ် ၄၁၆ ကတော့ အသက် ၅၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်က တုပ်ကွေးရောဂါလက္ခဏာတွေကြောင့် ဆေးရုံသွားပြချိန်မှာ Covid-19 ရောဂါ ကူးစက်ခံထားရတယ်လို့ တွေ့ရှိခဲ့တာပါ။ လက်ရှိအချိန်မှာ သူ့ရဲ့ကျန်းမာရေးက စိုးရိမ်စရာအနေအထားရှိနေပြီး အသက်ရှူစက်တပ်ထားရတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ သူဟာ မကြာသေးခင်အချိန်အတွင်း ပြည်ပကိုသွားရောက်ခဲ့ဖူးခြင်းမရှိလို့ ဘယ်နေရာကနေ ရောဂါကူးစက်ခံရတာလဲဆိုတာ မသိရသေးဘူးလို့ ဗီယက်နမ်နိုင်ငံ အရာရှိတွေက ပြောပါတယ်။ ထိတွေ့မှုရာဇဝင် ခြေရာခံကြည့်ချိန်မှာ ဒီအမျိုးသားနဲ့ ထိတွေ့သူ ၁၀၀ ကျော် တွေ့ရှိခဲ့ပြီး သူတို့အားလုံးကို စစ်ဆေးချိန်မှာ ရောဂါပိုး မရှိတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့အားလပ်ရက်မှာ နောက်ထပ်လူနာသစ် ၃ ယောက် ထပ်တွေ့ခဲ့တာပါ။ ဒါနန်မြို့မှာနေထိုင်တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသားကိုလည်း အသက်ရှူစက်တပ်ထားရပါတယ်။ သူက လူနာအမှတ် ၄၁၆ နဲ့ ဆက်နွှယ်နေသလားဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ နောက်တစ်ယောက်ကတော့ ဒါနန်မြို့ကို သွားရောက်လည်ပတ်ခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ သူဟာ ဒါနန်မြို့ကနေ အိမ်ပြန်လာချိန်မှာ Da Nang Hospital C ဆေးရုံမှာ တက်ရောက်ခဲ့ဖူးသူတွေနဲ့အတူ ကားတစ်စီးနဲ့ စီးခဲ့တယ်လို့ သိရပါတယ်။

နောက်တစ်ယောက်ကတော့ ရင်ဘတ်အောင့်တယ်ဆိုပြီး Da Nang Hospital C ဆေးရုံကို လာပြခဲ့တဲ့ အသက် ၇၁ နှစ်အရွယ် အဘွားအိုဖြစ်ပါတယ်။ ရောဂါကူးစက်ခံရသူတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာတော့ Da Nang Hospital C ဆေးရုံရဲ့ ဝင်းတံခါးတွေကို ပိတ်ထားလိုက်ပါပြီ။ ဒါနန်မြို့က လာမယ့် ၁၄ ရက်အတွင်း ပြည်တွင်းခရီးသည် လာရောက်မှုကို ပိတ်ပင်လိုက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေရမယ့် စည်းမျဉ်းတွေ တစ်ကျော့ပြန်ထုတ်ပြန်လိုက်ပါပြီ။ ဒါဟာ ခရီးသွားလုပ်ငန်းကို မှီခိုအားထားနေရတဲ့ အဲဒီဒေသအတွက် ထိုးနှက်မှုကြီးတစ်ရပ်ဖြစ်ပါတယ်။ မရှိမဖြစ် မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ပစ်ဖို့ ညွှန်ကြားထားပြီး လူ ၃၀ ကျော် စုဝေးမှုကို ပိတ်ပင်ထားပါတယ်။

ဗီယက်နမ်နိုင်ငံတစ်ဝန်းက ဆေးရုံတွေမှာ ရောဂါကာကွယ်တားဆီးရေး စည်းမျဉ်းတွေ တိုးမြှင့်လုပ်ဆောင်နေပြီး မြို့တော်ဟနွိုင်းမြို့မှာတော့ အများပြည်သူကြား သွားလာတဲ့အခါ နှာခေါင်းစည်းတွေ တပ်ဆင်ကြရန် ပြည်သူလူထုကို တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗီယက်နမ်ပြည်တွင်းလိဂ် ဘောလုံးပွဲတွေကိုလည်း ဆိုင်းငံ့လိုက်ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၂၀ တွေ့ရှိခဲ့တဲ့အနက် ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရသူ ၃၆၅ ယောက်ရှိပါတယ်။ သူတို့အထဲမှာ လူပြောအများဆုံးကတော့ ၆၈ ရက်တိုင်တိုင် အသက်ရှူစက်တပ်ခဲ့ရပေမဲ့ အခုလအစောပိုင်းက ရောဂါသက်သာသွားလို့ မိခင်နိုင်ငံထံ ပြန်ခွင့်ရခဲ့တဲ့ ဗြိတိန်နိုင်ငံသားလူနာ ဖြစ်ပါတယ်။

Ref: BBC ” Coronavirus: Vietnam alarm after first cases in months”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top