အလှအပအတွက် မန်ကျည်းသီးချဉ်ချဉ်လေးရဲ့အသုံးဝင်ပုံ

organic-raw.jpg

လူတိုင်း တစ်နေကုန်လန်းဆန်းတက်ကြွပြီး လုပ်ငန်းဆောင်တာတွေ ပြီးမြောက်ဖို့ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းကလီစာတွေ လည်ပတ်မှုကောင်းမွန်နေပြီး ကိုယ်ခံအားစနစ် ကောင်းမွန်နေဖို့ လိုပါတယ်။ ဒီလို အားပြည့်နေစေဖို့ ဖြည့်ဆည်းပေးနိုင်တာဟာ အစားအစာတွေပါပဲ။ ဒါကြောင့် ဘယ်လိုအစားအစာမဆို စားပေးဖို့ လိုပါတယ်။ အစားအစာတိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာနိသင်တွေရှိပြီးသားပါ။ ဒီထဲမှာ မန်ကျည်းသီးလည်း ပါဝင်ပါတယ်။ မန်ကျည်းသီးကို ဟင်းထဲ ထည့်ချက်ကြသလို ဖျော်ရည်ချဉ်ချဉ်လေးအဖြစ်လဲ စားသုံးကြပါတယ်။ မန်ကျည်းသီးက အလှအပအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးသလဲဆိုတာ မျှဝေလိုက်ပါတယ်။

ဝက်ခြံသက်သာစေခြင်း

မန်ကျည်းသီးဟာ အစာခြေစနစ်ကို ကောင်းမွန်စေတဲ့ အသီးတွေ၊ အစားအစာတွေထဲမှာ နာမည်ကြီးတဲ့ အသီးတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ မန်ကျည်းသီးမှာ အမျှင်ဓာတ်တွေ များများ ပါဝင်တာကြောင့်ပါ။ မန်ကျည်းသီး နည်းနည်းလောက် စားသုံးပေးမယ်ဆိုရင်တောင် အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး အစာခြေစနစ်ကို တိုးတက်စေပါတယ်။ အစာမြန်မြန်ကြေလွယ်အောင်လည်း စွမ်းဆောင်နိုင်ပါသေးတယ်။ ဒါကြောင့် ဝမ်းချုပ်ခြင်းတွေ ကင်းစေပါတယ်။ ဒီလိုဆိုရင်တော့ အပူတွေရှိတာကြောင့် ဝက်ခြံပေါက်တာမျိုး မဖြစ်စေတော့ပါဘူး။

ခြောက်သွေ့ခြင်းအတွက် ပေါင်းတင်နည်း

နေရောင်ခြည် များများ ထိတာကြောင့် အသားအရေ ပျက်စီးပြီး ခြောက်သွေ့နေတယ်ဆိုရင်တော့ မန်ကျည်းသီးတွေ စားပေးလို့ ရသလို ပေါင်းတင်တဲ့အခါမှာလည်း ထည့်သုံးလို့ ရပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ်လေး ဖျော်လိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့ နနွင်းမှုန့် လက်ဖက်စားဇွန်း တစ်ဝက်လောက် ထည့်ပြီးရောပါ။ မျက်နှာတစ်ဝိုက် လိမ်းထားပါ။ အဓိက ခြောက်သွေ့တဲ့ နေရာတွေကိုပဲ လိမ်းပါ။ တစ်ပတ်ကို (၂) ကြိမ်လောက် လုပ်မယ်ဆိုရင်တောင် သိသိသာသာလေး ကောင်းမွန်လာပါလိမ့်မယ်။

အရေးအကြောင်းအတွက် ပေါင်းတင်နည်း

အရွယ်မတိုင်ခင် အသက်အရွယ်ကြီးရင့်တာကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်တာကို ဖယ်ရှားချင်တယ်ဆိုရင်တော့ မန်ကျည်းသီး သုံးလို့ ရပါတယ်။ မန်ကျည်းသီးမှာ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်မှုနဲ့ Free radicals တွေကို တိုက်ထုတ်ပေးနိုင်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အရေးအကြောင်း ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာပါ။ မန်ကျည်းရည် လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ပျားရည်လေး နည်းနည်းလောက် ရောပြီး မျက်နှာပေါ် အနှံ့ လိမ်းပေးပါ။ တစ်ပတ်ကို (၃) ကြိမ်လောက် လုပ်ပေးရင် နုပျိုလာမှာနော်။

ဝက်ခြံအတွက် ပေါင်းတင်နည်း

မန်ကျည်းသီးက ဝက်ခြံတွေ ကုသရာမှာလည်း အရမ်းကို အသုံးဝင်ပါတယ်နော်။ မန်ကျည်းသီးမှာ ဗီတာမင် စီနဲ့ အေတွေ ပါဝင်တာကြောင့် ဝက်ခြံတွေ ဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။ မန်ကျည်းသီးလေးကို ခပ်ပျစ်ပျစ် အနှစ်လေးရအောင် ဖျော်ပါ။ ပြီးရင်တော့ ဒိန်ချဉ်(အဆီမပါ) နဲ့ ရောစပ်ပြီး ဝက်ခြံရှိတဲ့နေရာ တစ်ဝိုက်မှာ လိမ်းပေးပါ။ (၁၀) မိနစ်လောက် ထားပြီးရင်တော့ ခြောက်သွားမှာပါ။ နောက်တော့ ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပြီး အစိုဓာတ်ထိန်းခရင်မ်လေး လိမ်းထားပေးနိုင်ပါတယ်။ ဝက်ခြံလေးတွေ ချပ်လာမှာပါ။

မန်ကျည်းသီးရဲ့ အသုံးဝင်ပုံလေးတွေ သိထားပြီးပြီဆိုတော့ လိုက်လုပ်ကြည့်ပါဦးနော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Eaindray Kha

Ref : hellosayarwon

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top