ကမ္ဘာ့အကြီးဆုံးရွှေငါးတွေထဲက တစ်ကောင်ကို ဗြိတိန်ငါးဖမ်းသမား ဖမ်းမိ

22-11-2022yyl25.jpg

ဗြိတိန်ငါးဖမ်းသမားတစ်ဦးက ကမ္ဘာ့အကြီးဆုံးရွှေငါးကြီးတွေထဲက တစ်ကောင်ကို ဖမ်းမိခဲ့လို့ အံ့အားသင့်ခဲ့ရပါတယ်။ အန်ဒီ ဟက်ကက် ဖမ်းမိခဲ့တဲ့ ရွှေငါးကြီးက အိမ်မှာ အလှမွေးတဲ့ ရွှေငါးတွေထက် အဆပေါင်းများစွာကြီးပါတယ်။ အဲဒီရွှေငါးကြီးက ၆၇ ပေါင်ရှိပြီး သူ့ကို The Carrot လို့ ခေါ်ပါတယ်။

လိမ္မော်ရောင်နဲ့ တောက်ပနေတဲ့ အဲဒီရွှေငါးကြီးကို အန်ဒီက ပြင်သစ်နိုင်ငံ၊ ရှန်ပိန်ဒေသရှိ Bluewater ကန်မှာ ဖမ်းမိခဲ့ပြီး အဲဒီငါးကြီးက အသက် ၂၀ ကျော်ရှိပြီလို့ ယူဆရပါတယ်။ အသက် ၄၂ နှစ်အရွယ် အန်ဒီက အဲဒီလိုငါးတွေ Bluewater ကန်တစ်ဝိုက်မှာ နေထိုင်ကြတယ်ဆိုတာ သံသယရှိခဲ့ပေမဲ့ အဲဒီငါးကြီးကို ဖမ်းမိမယ်လို့ မထင်ခဲ့ပါဘူး။

သူ ချထားတဲ့ ငါးစာကို ငါးတစ်ကောင်ဟပ်လိုက်တဲ့အချိန်မှာ ဒါက ငါးအကြီးကြီးတစ်ကောင်ဖြစ်မယ်ဆိုတာ အန်ဒီ သိခဲ့ပါတယ်။ ငါးမြှားတံကို ဆွဲလိုက်ပြီး ကိုက် ၃၀ (သို့) ကိုက် ၄၀ အကွာ ရေမျက်နှာပြင်အပေါ် ရောက်လာတော့ လိမ္မော်ရောင်ငါးကြီးကို မြင်လိုက်ရတာပါပဲ။

အန်ဒီက ရွှေငါးကြီးကို ဖမ်းမိခဲ့ပြီးတဲ့နောက်မှာ အဲဒီငါးနဲ့အတူ ပုံတစ်ပုံရိုက်ခဲ့ပါတယ်။ အန်ဒီရဲ့ရွှေငါးကြီးဟာ အရင်က အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်မှာ ဂျေဆန် ဖူဂိတ် ဖမ်းမိခဲ့တဲ့ ၃၈ ပေါင် ရွှေငါးထက် ပိုကြီးပါတယ်။ အဲဒီတုန်းက ဂျေဆန်ရဲ့ငါးကြီးက တောက်ပတဲ့လိမ္မော်ရောင်အကြေးခံတွေကြောင့် သတင်းမီဒီယာတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာ အန်ဒီရဲ့ရွှေငါးကြီးက အဲဒီနေရာမှာ အစားထိုးဝင်ရောက်တော့မှာပါ။

Ref: Ladbible “British angler catches one of the world’s biggest goldfish”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top