ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးကို ကယ်တင်ဖို့ အေးခဲနေတဲ့ရေထဲ ခုန်ချခဲ့တဲ့အမျိုးသား

22-11-2022yyl24.jpg

စုံတွဲတစ်တွဲရဲ့ကိုယ်ကျိုးမဖက်တဲ့လုပ်ရပ်ဟာ သူစိမ်းတစ်ယောက်ရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒိန်း အန်ဇီနဲ့သူ့ဇနီးတို့ဟာ သူတို့ရဲ့နှစ်ပတ်လည်နေ့အပန်းဖြေခရီးပြီးဆုံးလို့ ပြန်လာပြီး အမျိုးအိမ်မှာ ထားခဲ့တဲ့ သူတို့ရဲ့ကလေးတွေကို သွားခေါ်တဲ့အချိန် သူစိမ်းတစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ပါပဲ။ အသက်၃၆ နှစ်အရွယ် ဒိန်း အန်ဇီဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားနေခဲ့တဲ့ အဲဒီသူစိမ်းအမျိုးသမီးကို ကယ်တင်ဖို့ အေးစိမ့်နေတဲ့မြစ်ထဲကို ခုန်ခဲ့တာကြောင့် ချီးကျူးခံခဲ့ရပါတယ်။

ဒိန်း အန်ဇီတို့ဇနီးမောင်နှံဟာ Idaho Falls ကို ဖြတ်ပြီး ကားမောင်းလာခဲ့စဉ် ဒိန်းရဲ့ဇနီးက စက်တပ်လှေရေဆင်းလမ်းကနေ အရှိန်ပြင်းပြင်းနဲ့ ရေထဲကို ထိုးကျနေတဲ့ ကားတစ်စီးကို မြင်တွေ့ခဲ့လို့ ရုတ်တရက်ထိတ်လန့်သွားခဲ့ရပါတယ်။ ဒါပေမဲ့ ဇနီးဖြစ်သူက ၉၁၁ ကို ဖုန်းဆက်ခဲ့တယ်။ ဒိန်းကလည်း အဲဒီကားနဲ့နီးတဲ့အထိ မောင်းသွားခဲ့တယ်။ ဒါပေမဲ့ စက်တပ်လှေရေဆင်းလမ်းနားကပ်သွားလို့မရတာကြောင့် သူ ကားထဲကထွက်ခဲ့ပြီး ရေထဲခုန်ချခဲ့တယ်။ ရေထဲချထားတဲ့ သံဆူးကြိုးတွေပေါ် တွဲတက်ခဲ့တယ်။ စက်တပ်လှေရေးဆင်းလမ်းနားဆီ ဆက်သွားခဲ့တယ်။

သူစိမ်းရဲ့ကားက ရေထဲကို ကျနေပြီဆိုတာကို ဒိန်းမြင်တွေ့ခဲ့ရတယ်။ အဲဒီနောက် ကားထဲမှာ ရှိနေတဲ့ အမျိုးသမီးက ကမ်းစပ်ဆီ ကူးခတ်လာနေတာကိုလည်း တွေ့ခဲ့ရတယ်။ ဒိန်းက အဲဒီအမျိုးသမီးကို တွေ့တော့ အဝေးကနေ “အဆင်ပြေရဲ့လား၊ ကားထဲမှာ တခြားသူရှိသေးလား”မေးခဲ့တယ်။ အဲဒီအမျိုးသမီးက အခုလို ပြန်ဖြေခဲ့ပါတယ်။ “ကျွန်မ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားနေတာ။ ကားထဲမှာ ဘယ်သူမှမရှိဘူး။ ကျွန်မ အသက်မရှင်ချင်တော့ဘူး”တဲ့။

ရေက သူ့ကို ကားထဲကနေ ထွက်အောင် တွန်းပို့နေတယ်လို့လည်း အဲဒီအမျိုးသမီးက ပြောပါတယ်။ အဲဒီအမျိုးသမီးက ဒိန်းဆီကို ကူးလာဖို့ ငြင်းဆန်ခဲ့တယ်။ အဲဒီအမျိုးသမီးက ကမ်းစပ်နဲ့ဝေးရာ အေးစိမ့်နေတဲ့ မြစ်ထဲ ထပ်ပြီးကူးခတ်နေခဲ့ပေမဲ့ သူ့ရဲ့အားအင်တွေ လျော့နည်းသွားခဲ့တယ်။ ဒိန်းလည်း သူ့နောက်ကိုလိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ပြင်ပအပူချိန်ကလည်း ၁၉ ဒီဂရီဖြစ်နေခဲ့တယ်။ ဒိန်းက အဲဒီအမျိုးသမီးကို “ငါ မင်းကို ပြောမယ်။ မင်း ဘယ်သူလဲဆိုတာ မသိဘူး။ ဒါပေမဲ့ ငါ ဒီမှာရှိနေတယ်။ ငါ..မင်းကိုချစ်မြတ်နိုးတယ်။ ငါ မင်းကို ကူညီမှာပါ”လို့ ပြောဆိုဖျောင်းဖျခဲ့တယ်။

အဲဒီအမျိုးသမီးက ဒိန်းကို သူတစ်ယောက်တည်းနေချင်တယ်လို့လည်း ပြောခဲ့တယ်။ ဒါပေမဲ့ ဒိန်းက သူ့ရဲ့တောင်းဆိုမှုတွေကို လျစ်လျူရှုခဲ့တယ်။ သူ့ဆီရောက်အောင်သွားခဲ့ပြီး သူ့ကို ကူညီပေးမယ်လို့ ပြောကာ သူ့ကို ကမ်းစပ်ဆီ ခေါ်ဆောင်လာခဲ့တယ်။ သူတို့ကို ကူညီပေးဖို့ နောက်ထပ်အမျိုးသားတစ်ယောက်ရောက်လာခဲ့ပြီး အဲဒီအမျိုးသမီးကို သူ့ဆီကနေ ဘေးကင်းတဲ့နေရာဆီ ဆွဲခေါ်ပေးသွားခဲ့ပါတယ်။

ဒိန်းရဲ့ဇနီးကလည်း သူ့အတွက် စောင်တွေနဲ့ အဆင်သင့်စောင့်နေခဲ့ပါတယ်။ Idaho Falls မီးသတ်ဌာနနဲ့ ရဲဌာနတွေ ရောက်မလာခင်ထိ အဲဒီနေရာမှာ ရှိနေပေးခဲ့ကြပါတယ်။ ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးက ခိုက်ခိုက်တုန်ချမ်းနေခဲ့ပြီး အားအင်တွေလည်း ကုန်ခန်းနေခဲ့တယ်။

မီးသတ်ဌာနနဲ့ ရဲတပ်ဖွဲ့ရောက်လာချိန်မှာ ဒိန်းတို့ဇနီးမောင်နှံဟာ သူတို့ရဲ့ကလေးတွေကို သွားကြိုဖို့ ထွက်လာခဲ့ပါတော့တယ်။ ဒီအတွေ့အကြုံက သူတို့ရဲ့ဘဝမှာ ပြန်တွေးတောစရာဖြစ်စေခဲ့ပါတယ်။ ဒိန်းရဲ့အဖေက စိတ်ကျန်းမာရေးဝန်ဆောင်မှု Suicide Helpline မှာ စေတနာ့ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ သူတွေအကြောင်း သိတယ်လို့ ဒိန်းက ဆိုပါတယ်။

Ref: Upworthy “Brave man jumps into freezing water to save woman attempting to end her life: ‘I’m here. I love you'”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top