အိမ်ရာမဲ့သခင် ဆေးရုံက ပြန်ဆင်းလာမဲ့ အချိန်ထိ စောင့်နေခဲ့တဲ့ ခွေးလေးတွေ

50160276_412740479469920_8345934158429683712_n.jpg

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဘရာဇီးနိုင်ငံ၊ ချောနော့တီမြို့မှာ လူတစ်ယောက်ကို လေဖြတ်ရောဂါကြောင့် ဆန်တာကာဆာဆေးရုံမှာ အမြန် ဆေးရုံတင်လိုက်ရပါတယ်။ ဆေးရုံတင်လိုက်ရတဲ့သူဟာ အိမ်ရာမဲ့တစ်ဦးဖြစ်ပေမဲ့လည်း သူဟာ တစ်ယောက်တည်း အထီးကျန်နေသူ မဟုတ်ပါဘူး။ သူ့ရဲ့ မိတ်ဆွေကောင်းတွေဟာ သူအကူအညီလိုတဲ့အချိန်မှာ သူ့ဘေးကနေ မထွက်သွားဘဲ အနားမှာရှိနေခဲ့ပါတယ်။

ဆေးရုံက အလုပ်သမားတစ်ဦးဟာ ခွေးတွေရဲ့ သခင်အပေါ် အချစ်ကြီးပုံကို ဗီဒီယို ရိုက်ကူးခဲ့ပါတယ်။ ခွေးလေးတွေဟာ သူတို့သခင်ကို ခေါ်သွားတဲ့ ဆေးရုံကားနောက်ကို မိုင်ပေါင်းများစွာထိအောင် ပြေးလိုက်ပြီး ဆေးရုံရှေ့ ရောက်တော့လည်း အရေးပေါ်ခန်း ဝင်ပေါက်နားမှာ စောင့်နေခဲ့တာပါ။ တိရစ္ဆာန် ကူညီစောင့်ရှောက်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတွေကတော့ ခွေးတွေကို အစာကျွေးပြီး သခင်ဖြစ်သူ ဆေးရုံဆင်းမဲ့အချိန်အထိ တစ်ညလုံး စောင့်နေကြတဲ့ ခွေးတွေကို ဓာတ်ပုံရိုက်ထားခဲ့ပါတယ်။

မနက်ကျတော့ လူးဝစ်လည်း သူ့ညီရဲ့ ဂရုစိုက်မှုကြောင့် သက်သာလာပြီး ဆေးရုံဆင်းရတဲ့အခါ တခြားထွက်ပေါက်ကနေ ထွက်ခဲ့ရပါတယ်။ သူ့ခွေးလေးတွေကတော့ ဆေးရုံဝင်ပေါက်မှာ ကျန်နေခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတစ်ယောက်ဟာ လူးဝစ်ကို သူ့ညီအိမ်အထိ သွားရောက်ကာ ခွေးလေးတွေ စောင့်နေသေးတဲ့ ဆေးရုံဝင်ပေါက်ကို ခေါ်သွားပေးခဲ့ရပါတယ်။

ဆေးရုံတက်နေရသူ လူးဝစ်ဟာ သူ့မိသားစုရဲ့ ထောက်ပံ့မှုနဲ့ အိမ်ရာမဲ့တွေအတွက် ပေးထားတဲ့ အကူအညီကို မယူဘဲ ချောနော့တီရဲ့ လမ်းမတွေပေါ်မှာ နှစ်၂၀ လောက် ကျင်လည်ခဲ့ရတာဆိုတော့ ခွေးတွေနဲ့လည်း ရင်းနှီးနေပါပြီ။ သူဟာခွေးလေးတွေကို ကောင်းကောင်းဆက်ဆံပြီး အိပ်စရာ၊ စားစရာကအစ ခွေးတွေကို ဝေမျှ သုံးစွဲခွင့် ပေးထားပါတယ်။

တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က စေတနာ့ဝန်ထမ်းတစ်ဦးကတော့ ‘အရင်က သူနေဖို့ အိမ်လေးတစ်လုံး ကျွန်တော်တို့ ငှားပေးသေးတယ် .. အဲဒီအိမ်မှာ ခွေးတွေနေဖို့ ခြံဝန်းလည်း ပါတယ်။ ဒါပေမဲ့ သူက လက်မခံခဲ့ဘူး။ သူပြောတာကတော့ ချောနော့တီမြို့ရဲ့လမ်းတွေဟာ သူ့အိမ်ပါပဲ တဲ့’ လို့ ပြောပါတယ်။

Ref: www.thedodo.com ” Dogs Wait Patiently Outside Hospital For Homeless Owner To Get Better ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top