မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီလား

5c2f988428cdf.image_.jpg

ကျွန်တော်တို့ရဲ့ဘဝမှာ မျှော်လင့်ချက် ကုန်ဆုံးပြီး လက်လျော့ပေးလိုက်ရတဲ့ကိစ္စတွေ အနည်းနဲ့အများတော့ ရှိကြဖူးမှာပါ။ ဒါပေမဲ့ မျှော်လင့်ချက် ကုန်ဆုံးသလောက် ဖြစ်တဲ့ အခြေအနေရဲ့ ပြောင်းပြန် အခြေအနေတစ်ခုကို အံ့အားသင့်စရာ ပြန်ရောက်သွားတာမျိုးလည်း ရှိနေပါသေးတယ်။ အဲဒီလိုအခြေအနေမျိုးအတွက် ဥပမာပြစရာလူတွေထဲမှာ စကော့တ် မားရ် (Scott Marr) လည်း ပါဝင်နေပါတယ်။

သူ့အဖြစ်ကတော့ တကယ့်ထူးဆန်းအံ့ဖွယ်ပါပဲ။ သားသမီးတွေကတောင် သူ့ကိုတပ်ပေးထားတဲ့ အသက်ရှု ကိရိယာကို ဖြုတ်ပေးလိုက်ကြဖို့ထိ စိတ်လျော့ခံခဲ့ရတဲ့ ဒီလူဟာ ရက်သတ္တပတ် အတန်ကြာ ဆေးကုသမှု ထပ်ခံယူအပြီးမှာတော့ အိုမာဟာ (Omaha) ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့တာမို့ အံ့ဖွယ်လူသား လို့တောင်တင်စားရလောက်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လေသင်တုန်းဖြတ်သွားတဲ့ စကော့တ်ဟာ ဆေးရုံကို အရေးပေါ်တက်ရောက်ခဲ့ရပြီး စက်အကူအညီနဲ့ အသက်ရှုရတဲ့အထိဖြစ်ခဲ့ကာ ဘယ်လို လှုပ်ရှား တုံ့ပြန်မှုမှလည်း မလုပ်နိုင်တော့ပါဘူး။

“ငါ ဆေးရုံပေါ်မှာ လူမမာအဖြစ်နဲ့ လဲနေတာကို မင်းတို့က ထိုင်ကြည့်နေရတဲ့အဖြစ်မျိုး ဘယ်တော့မှမဖြစ်စေရဘူး ဆိုပြီး သူကအမြဲပြောတတ်တယ်” လို့ စကော့တ်ရဲ့သမီးဖြစ်သူ ပရက်စ်တန်မားရ်က ပြောပြပါတယ်။

ဆရာဝန်တွေက စကော့တ်အနေနဲ့ ဘယ်လိုမှပြန်ကောင်းလာဖို့ လမ်းမရှိတော့ဘဲ ဦးနှောက်သေတဲ့ အခြေအနေတောင်နဲ့ နီးနေကြောင်း သုံးသပ်ခဲ့ကြပါတယ်။ သားသမီးတွေကလည်း သူပြန်ကောင်းလာဖို့ မျှော်လင့်ချက် မရှိကြတော့ပါဘူး။ သူ့ဘေးနားမှာနေပြီး နှုတ်ဆက်ဖို့ အချိန်ကိုပဲ စောင့်ဆိုင်းနေကြရပါပြီ။ ဒါပေမဲ့ စကော့တ်က အသက်ပြင်းသူပါ။ နောက်တစ်မနက်ခင်းထိ သူ့ဘာသာ အသက်ရှုနိုင်နေဆဲဖြစ်တာမို့ သူ့ဈာပနအတွက်တောင် စီစဉ်နေပြီဖြစ်တဲ့ သားသမီးတွေလည်း သူ့ဆီ အပြေးအလွှား ရောက်ချလာခဲ့ကြပါတယ်။

“လက်တွေ ခြေချောင်းလေးတွေကို လှုပ်ကြည့်ပါဦး အဖေလို့ပြောတော့ သူက ဖြည်းဖြည်းချင်း လှုပ်ပြတယ်လေ” လို့ ပရက်စ်တန်မားရ်က ပြန်ပြောပြပါတယ်။

ဆရာဝန်တွေကလည်း နောက်ထပ် စမ်းသပ် စစ်ဆေးမှုတွေ လုပ်ခဲ့ကြပြီး စကော့တ် ဖြစ်တဲ့ပုံစံမျိုးက သွေးပေါင်ချိန် အရမ်းမြင့်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိတာများပေမဲ့ တခြား အကြောင်းရင်းခံတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်…ဒါပေမဲ့ သူအခုလို ပြန်နာလန်ထလာနိုင်တာမျိုးကတော့ ပုံမှန်မဟုတ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးပါ လို့ ဒေါက်တာ ရန်းဂ်ျက ဆိုပါတယ်။ စကော့တ်ကတော့ အခုဖြစ်ရပ်အတွက် ဒါကို ဘာသာရေး ယုံကြည်သက်ဝင်မှုနဲ့ ဆက်နွှယ်တဲ့ အဖြစ်တစ်ခုလိုမျိုး ကျွန်တော် ပုံမဖော်လိုပါဘူး..ထူးတာကတော့ ထူးလွန်းနေတဲ့အဖြစ်ပဲ လို့ ဆိုခဲ့ပါတယ်။

ဒီအဖြစ်က မျှော်လင့်ချက် ကုန်ဆုံးလို့ လက်လျော့ပေးလိုက်ရတဲ့ ကိစ္စတွေမှာလည်း ပြန်ပြီး အဖတ်ဆယ်နိုင်စရာ အခြေအနေတွေ ရှိနေတတ်သေးတယ်ဆိုတာ ကျွန်တော်တို့ကို တွေးမိသွားစေခဲ့ပါတယ်။ အမှန်တော့ ဘယ်လိုကိစ္စမျိုးအတွက်မဆို စကော့တ်လို ပြင်းပြ ထက်သန်တဲ့စိတ်မျိုးသာ ရှိခဲ့ရင် အခြေအနေတွေက အဆိုးကနေ အကောင်းဘက်ကို ပြောင်းသွားနိုင်ချေရှိလာမှာပါပဲ။

Ref: ABC News “Man thought nearly brain-dead recovers and leaves hospital”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top